အငှားချ ဈေးဆိုင်ခန်းများ ဂိုဒေါင်အဖြစ်အသုံးပြုနေမှု ဒီဇင်ဘာ နောက်ဆုံးဖယ်ရှားရမည်
DVB
·
September 25, 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးတွေမှာ အငှားချထားတဲ့ မှတ်ပုံတင်ဆိုင်ခန်းတွေကို ဂိုဒေါင်သဖွယ် အသုံးပြုနေတဲ့ကိစ္စ ဒီဇင်ဘာလ နောက်ဆုံးထား ဖယ်ရှားပေးဖို့ သတိပေးစာ ထုတ်ပြန်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။
ဒီနေ့မနက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ရန်ကုန်တိုင်းဒေသကြီးရှိ ဈေးတွေ ဈေးအင်္ဂါရပ်နဲ့ မညီညွှတ်ဘဲ ပစ္စည်းသိမ်းဆည်းဖို့ ဂိုဒေါင်တွေ ရှိနေတာကြောင့် ဈေးရောင်းဝယ်မှု စည်းကားလာစေရေး စည်းကမ်းသတ်မှတ်ဆောင်ရွက်ဖို့ အစီအစဉ်ရှိ၊မရှိကို မေးမြန်းချက်အပေါ် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့တာပါ။
သိမ်ကြီးဈေး (စီ) ရုံနဲ့ (ဒီ) ရုံတွေမှာ အရောင်းအ၀ယ် အားနည်းနေတာကို အသုံးချပြီး ဂိုဒေါင်သဖွယ်အသုံးပြုနေပြီး (အေ) နဲ့ (ဘီ) ရုံတွေမှာ စုပြုံပြီး ရောင်းနေကြတာကြောင့် ဈေးများဌာနရယ်၊ အနောက်ပိုင်းခရိုင်ကနေ မြေပြင်ကွင်းဆင်းပြီး စစ်ဆေးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့တော်ဝန်က“ပစ္စည်းသိုလှောင်ထားတဲ့ ဆိုင်ခန်းပေါင်း (၁၈၆) ခန်းရှိပါတယ်။ အဲ့ဒီ့ထဲမှာ သူတို့ ပစ္စည်းတွေစုပုံတယ်။ နောက်ပြီးတော့ ဂိုဒေါင်သဖွယ်ထားပြီးတော့ အသုံးပြုနေတဲ့ အတွက်ကြောင့် ဒါကို ကျနော်တို့ ဆက်လက်အသိပေးနေပါတယ်။ အရေးလည်း ယူနေပါတယ်။ စုစုပေါင်းအရေးယူပြီးတော့ ကျန်ရှိတဲ့ ဆိုင်ခန်းပေါင်း ဆိုင်ခန်းပေါင်း ၂၄ ခန်းပဲ ကျန်ပါတော့တယ်။ အဲ့ဒီ ၂၄ ခန်းကိုလည်း ကျနော်တို့ Notice ထုတ်ထားပါပြီ။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားဖယ်ရှားဖို့ Noticeပါ အတိအကျ ထုတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ဈေးတွေမှာ အငှားချထားတဲ့ မှတ်ပုံတင်ဆိုင်ခန်းတွေမှာ ဂိုဒေါင်လိုအသုံးပြုနေတဲ့ သဘောမျိုးမရှိစေဖို့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေပါတယ်။”လို့ ပြောပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဈေးတွေမှာ အငှားချထားတဲ့ ဈေးဆိုင်ခန်းတွေကို စနစ်တကျ ရောင်းချဖို့အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ စည်းကမ်းချက်တွေကို သတ်မှတ်ပြဋ္ဌာန်း ဆောင်ရွက်နေပါတယ်။
ဆိုင်ခန်းအငှားချထားသူတွေအတွက် လိုက်နာဖို့ သတ်မှတ်ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ ၃၄ ချက်ရှိပြီး အချက် ၁၃ မှာ ဆိုင်နေရာတွေကို ပစ္စည်းတွေ စုပုံသိုလှောင်တဲ့ ဂိုဒေါင်သဖွယ် အသုံးမပြုရဆိုတဲ့အချက်ကို ထည့်သွင်းထားပါတယ်။