DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် ကေအိုင်အေ လူ့အခွင့်အရေးချိုးဖောက်
DVB
·
August 14, 2012
Donate to DVB

ကချင်ပြည်နယ်မှာ အစိုးရတပ်တွေရော၊ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ တပ်တွေပါ ရွာလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်တာကို တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးတဲ့ ကော်မရှင်ဖြစ်ပြီး တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို အစဉ်အလာမဟုတ်ဘဲ ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ထုတ်ပြန် ကြေညာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးနဲ့ ကော်မရှင်အဖွဲ့ဝင် ၂ ဦးဟာ ဒီနှစ် ဇူလိုင်လ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေကို သွားရောက်လေ့လာပြီး တွေ့ရှိချက်တွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ စောင့်ရှောက်ရေးစခန်း ၁၆ ခုသို့ သွားပြီး စခန်းနေ ပြည်သူလူထုနဲ့ တွေ့ဆုံမေးမြန်းခဲ့တယ် လို့ ဆိုပါတယ်။

မေးမြန်းစစ်ဆေးချက်တွေအရ နှစ်ဖက်တပ်တွေ လူ့အခွင့်အရေးချိုးဖောက်မှု တချို့ရှိတာကို တွေ့ခဲ့ရတာဖြစ်ပြီး ဘယ်အကြောင်းကြောင့်မှ လူ့အခွင့်အရေး မချိုးဖောက်ကြဖို့နဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းထားပါတယ်။

ကေအိုင်အေတပ်ကလည်း  မြစ်ကြီးနားမြို့နယ် တာလောကြီး ရွာသားတွေကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းတာကို တွေ့ရှိခဲ့တဲ့အကြောင်းနဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံး ဘယ်ဒေသမှာမဆို အတင်းအဓမ္မ တပ်သားခေါ်ယူ စုဆောင်းခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းထား ပါတယ်။

တပ်မတော်က တာလောကြီးရွာသား ၂ ဦးကို ဒီနှစ်ဆန်းမှာ ဖမ်းဆီးစစ်ဆေး တရားစွဲဆိုတဲ့ ဖြစ်စဉ်မှာ စစ်ဆေးစဉ်ကာလ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုတာ ပေါ်လွင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။

အစိုးရကဒီမိုကရေစီနိုင်ငံတည်ဆောက်ရာမှာ ပြည်တွင်းပြည်ပ ထောက်ခံမှုရနေချိန်၊ ငြိမ်းချမ်းရေးကြိုးပမ်းရာမှာ သမိုင်းတင်နိုင်တဲ့အောင်မြင်မှုတွေ ရနေချိန်မှာ အစိုးရတပ်တွေရော ကေအိုင်အို တပ်တွေပါ ပြည်သူလိုလားတဲ့ ငြိမ်းချမ်းရေးရအောင် ၀ိုင်းကြိုးပမ်းဖို့လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ၂၀၁၁ ခု စက်တင်ဘာ ၅ ရက် နေ့စွဲပါ ပြည်ထောင်စု အစိုးရ အမိန့်ကြော်ငြာစာ အမှတ် ၃၄/၂၀၁၁ နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013