ပအိုဝ်းအမျိုးသား အာဇာနည်နေ့ကျင်းပ
DVB
·
September 25, 2018
စက်တင်ဘာ၂၄ ရက်မှာ ကျရောက်တဲ့ ၄၃ နှစ်ပြည့် ပအိုဝ်းအမျိုးသား အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ပအိုဝ်းလူငယ်တွေနဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ ဦးဆောင်ပြီး တောင်ကြီးမြို့ လူငယ်စင်တာမှာ ကျင်းပပါတယ်။
ပအိုဝ်းအာဇာနည်နေ့ကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး သထုံ ဦးလှဖေ (ခေါ်) ဖြားဗွာလှဖေကွယ်လွန်တဲ့နေ့ကို အစွဲပြုပြီး ပအိုဝ်းအာဇာနည်နေ့လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ပအိုဝ်းခေါင်းဆောင်တွေကို အလေးပြုပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာက အာဇာနည် ပုဂ္ဂိုလ်အကြောင်း၊ ပအိုဝ်းအမျိုးသား အာဇာနည် ဖြစ်ပေါ်လာပုံအကြောင်းတွေကို လူငယ်တွေသိရှိအောင် ရှင်းပြဆွေးနွေးခဲ့ပါတယ်။
ပအိုဝ်းအာဇာနည်နေ့ကို အရင်ကထိုင်းနိုင်ငံမှာသာ ကျင်းပလေ့ရှိပြီး ၂၀၁၅ ခုနှစ်မှ မြန်မာနိုင်ငံထဲမှာ နေရာကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ကျင်းပလာတာဖြစ်ပါတယ်။
ဖြားဗွာဦးလှဖေကွယ်လွန်တဲ့နေ့ကို ပအိုဝ်းအာဇာနည်နေ့အဖြစ် လုံးဒါပအိုဝ်း အမျိုးသား ညီလာခံမှာ သတ်မှတ်သော်လည်း ခရစ်နှစ်က စက်တင်ဘာ၂၄ ရက်နဲ့ မြန်မာသက္ကရာဇ်က တော်သလင်းလဆန်း ၅ ဖြစ်နေတဲ့အတွက် ပအိုဝ်းအာဇာနည်နေ့ကို ကျင်းပပုံကွဲပြားနေတာ လည်းရှိပါတယ်။
ပအိုဝ်းအမျိုးသား အာဇာနည်နေ့ အခမ်းအနားတွေကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ထိုင်းနိုင်ငံမှာလည်း ကျင်းပသလို ပအိုဝ်းလူငယ်ဦးဆောင်ပြီး တောင်ကြီးမြို့မှာ ဒုတိယ အကြိမ်ကျင်းပတာဖြစ်ပါတယ်။
ခွန်ရာဇာ