ထိုင်းကုမ္ပဏီက မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်မည်
နန်းမြနဒီ
·
August 14, 2012
ထိုင်းနိုင်ငံက တိုယို-ထိုင်းကော်ပိုရေးရှင်း လီမိတက် (တီတီစီအယ်လ်) ဟာ ရန်ကုန်မြို့မှာ လျှပ်စစ် ဓာတ်အားပေးစက်ရုံတရုံ လာပြီးတည်ဆောက်ဖို့ ရှိပါတယ်။
မြန်မာနိုင်ငံ အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ တိုယိုထိုင်းကုမ္ပဏီတို့ ပဏာမ သဘောတူညီချက်စာချုပ်ကို ဩဂုတ် ၁၀ ရက်နေ့က နေပြည်တော်မှာ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
သဘောတူစာချုပ်ကို မြန်မာနိုင်ငံဘက်က အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးနဲ့ ထိုင်းကုမ္ပဏီက ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် မစ္စတာ ဟီရိုနိုပူရီယတို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
မြန်မာပြည်ထွက် သဘာဝဓာတ်ငွေ့တွေနဲ့ လည်ပတ်မယ့် ဒီစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်မှာ အကောင်အထည်ဖော်မှာဖြစ်ပြီး လာမယ့်နှစ်မှာ စတင်နိုင်မယ်လို့ တိုယိုထိုင်းကုမ္ပဏီက တာဝန်ကျအရာရှိတဦးက ခန့်မှန်းပြောဆိုပါတယ်။
“လုပ်ငန်းဘယ်တော့ စတင်မလဲဆိုတာတော့ စီမံကိန်းအဖွဲ့တွေနဲ့ ဆွေးနွေး အတည်ပြုပြီးမှ ပြောနိုင်ပါလိမ့်မယ်။ နောက်နှစ်မှာ စတင်နိုင်ဖို့တော့ ရည်မှန်းထားပါတယ်။ လျှပ်စစ်ဓာတ်အားကို မြန်မာပြည်ကထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့တွေနဲ့ပဲ လည်ပတ်မှာ ဖြစ်တယ်။ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်မယ်။ အရင်းနှီးကတော့ ဒေါ်လာသန်းပေါင်း ၁၅၀ မြှုပ်နှံဖို့ လျာထားတယ်။”
ထိုင်းနိုင်ငံ ဘန်ကောက်က တိုယိုထိုင်းကုမ္ပဏီဟာ ဂျပန်နိုင်ငံ တိုကျိုအင်ဂျင်နီယာကုမ္ပဏီ၊ အီတာလျံထိုင်းကုမ္ပဏီတွေနဲ့ ဖက်စပ်ပြီး လျှပ်စစ်စွမ်းအင်လုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။
