DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များ အကူအညီလိုအပ်နေ
DVB
·
August 14, 2012
ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များ အကူအညီလိုအပ်နေ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရတဲ့ ဒုက္ခသည်တွေဟာ ဆန်၊ ဆီ နဲ့ ဆား စတဲ့ အထောက်အပံ့ပစ္စည်းတွေပဲ ရပြီး ကျန်တာတွေကို ကိုယ့်ဘာသာ ဖန်တီးစားသောက်နေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

စစ်တွေမြို့က မင်းဂံ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေတဲ့ ဒုက္ခသည် ဒေါ်ချိုချိုလွင်က “အခက်အခဲတွေရှိတယ်။ ငွေရေးကြေးရေးတွေ၊ ထင်းတွေဘာတွေ ဝယ်ရတယ်။ ငါးတွေဘာတွေ ဝယ်ရတယ် အဆင်မပြေဘူးပေါ့။ သွားတာလာတာလည်းဝေးတယ်။ ဈေးတွေဘာတွေရောင်းလို့ မရဘူး။ အရင်ကတော့ ဈေးရောင်းပါတယ်။ လိုတဲ့ဟာက ငွေရေးကြေးရေးတော့ နည်းနည်းလောက်လိုတာပေါ့။ ဆန်တွေ၊ ပဲတွေ ပေးတာပေါ့နော်။ ဆီတွေတော့ ပေးတယ်။ ကြက်သွန်တွေ ဘာတွေတော့ မပါသေးဘူး။ ကြက်သွန်တွေ ဘာတွေ ဝယ်စားရတယ်။ မပြည့်စုံဘူးပေါ့နော်”လို့ ပြောပါတယ်။

လက်တလောမှာ အလုပ်အကိုင်တွေ မရှိတဲ့အတွက် အဆင်မပြေဘူးလို့ မင်းဂံ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်တဲ့ ဦးရွှေဇံဦးက ပြောပါတယ်။

“မိသားစု ၇ ယောက်ရှိပါတယ်။ ကျနော် ပန်းပဲလုပ်ပါတယ်။ အခုတော့ ဘာမှ အလုပ်မရှိဘူး။ ဒီမှာနေရတာ ကောင်းကောင်း အဆင်မပြေဘူး။ အခန်းတွေ မိုးယိုတာ။ အခန်းတွေလည်း ပျက်စီးသွားတယ်။ အားလုံး စားသောက်ရေးကတော့ လုံလောက်တာလည်း ရှိတယ်။ မလုံလောက်တာလည်း ရှိတယ်။ စားရေးသောက်ရေးလည်း တနေ့ကို ဆန် နို့ဆီဘူး ၂ လုံးပဲ ရပါတယ်။”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရခိုင်ဒုက္ခသည်တွေအတွက် တန်းလျား အလုံး ၁၇၀ ဆောက်လုပ်မယ်လို့ ပြောနေပေမယ့် လက်ရှိမှာတော့ မင်းဂံရပ်ကွက်မှာ တန်းလျား ၈ လုံး၊ ဓညဝတီရပ်ကွက်မှာ ၈ လုံး၊ နေပူခံရပ်ကွက်မှာ ၂၅ လုံး ဆောက်လုပ်ပေးထားပါတယ်။

ဘင်္ဂါလီဒုက္ခသည်တွေအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) အကူအညီနဲ့ ဘောဒူဘ၊ ဒါးပိုင်၊ သဲချောင်း၊ မှန်စီ စတဲ့ ကျေးရွာတွေမှာ တန်းလျားနဲ့ ရွက်ဖျင်တဲတွေ ဆောက်လုပ် ပေးထားပါတယ်။
စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်ပေါင်းဟာ ၆ သောင်းကျော် ရှိပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/mingan/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013