ပုသိမ်အနီးကမ်းလွန်တွင် သဘာဝဓာတ်ငွေ့ တွေ့ရှိ၊ စီးပွားဖြစ်ထုတ်နိုင်ရန် လုပ်မည်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နားက အကဲဖြတ်တွင်း ရွှေရည်ထွန်း (၂) ကနေ သဘာဝ ဓာတ်ငွေ့ ထုတ်ယူနိုင်တာကို  စမ်းသပ်တွေ့ရှိထားပြီး စီးပွားဖြစ်ထုတ်နိုင်အောင် ဆက်လုပ်သွား မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပုသိမ်မြို့ရဲ့ အနောက်မြောက်ဘက် (၁၀၂) ကီလိုမီတာ လောက်အကွာ ကမ်းလွန်လုပ်ကွက် အမှတ် A-6 က အကဲဖြတ်တွင်း ရွှေရည်ထွန်း (၂) ကနေ သြဂုတ် ၂၉ ရက်မှာ သဘာဝဓာတ်ငွေ့ ခိုအောင်းနေတာကို တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကမ်းလွန်လုပ်ကွက်အမှတ် A-6 မှာ အကဲဖြတ်တွင်း ရွှေရည်ထွန်း (၂) ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့မှာ  စတင်တူးဖော်ခဲ့ပြီး သြဂုတ်လ (၂၉) ရက်မှာ ရည်မှန်းအနက် ၄,၈၅၀ မီတာ (၁၅,၉၁၂ ပေ)အထိ တူးဖော်ခဲ့ရာ အနက် (၄၃၇၃) မီတာလောက်မှာ သဘာဝဓာတ်ငွေ့ ခိုအောင်းနေတဲ့  အသားတင်ထုတ်ယူရရှိနိုင်မယ့် သဲကြောအထူ ၄၀ မီတာလောက်ကို စမ်းသပ် တွေ့ရှိခဲ့တာလို့ လျှပ်စစ်စွမ်းအင်သတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၂၂ ရက်မှာ အဲ့ဒီတွင်းရှိရာကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနဲ့  တာဝန်ရှိသူတွေ သွားရောက်ခဲ့ကြပါတယ်။ မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 မှာ MPRL E&P Pte Ltd. က ရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte Ltd. က ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ Total E&P Myanmar Co.,Ltd.က ၄၀ ရာခိုင်နှုန်း အသီးသီးအချိုးကျပါဝင်ပြီး ရှာဖွေတူးဖော်ခြင်း လုပ်ငန်းတွေကို အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ အကဲဖြတ်တွင်း ရွှေရည်ထွန်း-၂ ကို လုပ်ကွက် A-6 ရဲ့ ပဉ္စမမြောက်တွင်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ လောက်အကွာ ကမ်းလွန်ပင်လယ်ပြင် ရေအနက် ၂၃၂၅ မီတာနေရာမှာ တူးဖော်ခဲ့တာဖြစ်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့အဆင့် ရောက်အောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up