Home
မြန်မာသတင်း
၂ဝ၂ဝ ရွေးကောက်ပွဲကို အောင်မြင်စွာဖြတ်သန်းနိုင်ရန် အရေးကြီးဟု ဦးဉာဏ်ဝင်း ပြော
DVB
·
September 23, 2018
လာမယ့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲကို ညီညီညွတ်ညွတ်နဲ့ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ အလွန်အရေးကြီးတယ်လို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။ စက်တင်ဘာ ၂၂ ရက်က ရန်ကုန်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့  ရန်ကုန်တိုင်းဒေသကြီး ပါတီ၊ လွှတ်တော်၊ အစိုးရအဖွဲ့ ပုံမှန်တွေ့ဆုံပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “အဖွဲ့ချုပ်ဟာ နှစ်ပေါင်းများစွာဖြတ်သန်းလာရာ အကောင်းအဆိုးတွေ၊ မကျေလည်မှု၊ မပြေလည်မှုတွေ များစွာရှိခဲ့ပြီး တဦးနဲ့ တဦး အဆင်မပြေမှုများရှိကြတာ စိတ်ပျက်စရာမဟုတ်ဘဲ အားလုံးညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်တယ်။ မကြာတော့တဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲကြီးကို ညီညွတ်စွာနဲ့ အောင်မြင်အောင်ဖြတ်သန်းဖို့ အလွန်အရေးကြီးပြီး တဦးနဲ့ တဦး နားလည်မှုပေးကာ ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်တယ်။” မနေ့က တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က လွှတ်တော်နဲ့ အစိုးရတို့ရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းပြောကြားပြီး  တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ၊ ဗဟိုကော်မတီဝင်တွေက သိရှိလိုတာတွေ မေးမြန်းခဲ့ကြတယ်လို့ အဖွဲ့ချုပ်သတင်းမှာ ဖော်ပြထားပါတယ်။ တွေ့ဆုံပွဲကို အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြတဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ဗဟိုကော်မတီဝင်တွေနဲ့၊ တိုင်း၊ ခရိုင်အလုပ်အမှုဆောင်အဖွဲ့တွေ တက်ရောက်ခဲ့ ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024