A d v e r t i s e m e n t With Us

ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ ဦးအောင်သောင်းနှင့် မေးမြန်းချက် – ၎

အပိုင်း ၄ နောက်ဆုံးအပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အခြေအနေတွေ၊ ငြိမ်းချမ်းရေးဆွေးနွေး တဲ့ အခြေအနေတွေနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍ၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းကို ဒီဗွီဘီ လက်ထောက်အယ်ဒီတာ ဦးသန်းဝင်းထွဋ်က တွေ့ဆုံမေးမြန်းထား ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာလည်း ကျနော်တို့ တွေ့ပါတယ်။ အဲ့နေရာမှာ လွယ်တာတွေ၊ ခက်တာတွေလည်း ရှိမယ်။ အဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေထဲက နမူနာတခုလောက် ပြောပြပေးပါလား။ “အဖွဲ့တိုင်းမှာတော့ ခက်ခဲတာ ရှိပါတယ်။ ဒါပေမယ့် ဆွေးနွေးရတာ အခက်ခဲဆုံး ကတော့ ကေအိုင်အို၊ ကေအိုင်အေပေါ့။ ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးပါတယ်။ ယခင် အစိုးရလက်ထက်တုန်းကလည်း ကျနော် သူတို့နဲ့ ၈ ကြိမ်လောက် ဆွေးနွေးဖူး ပါတယ်။ ကြားဖြတ် ဒီအစိုးရသစ် လက်ထက်မှာလည်း ၂ ကြိမ်လောက်တွေ့ဖူးပါတယ်။” အဓိက ဘာကြောင့် ခက်ခဲနေတာပါလဲ။ “အဓိက ဘာကြောင့်လဲဆိုတော့ အယူအဆလေး။ အယူအဆက ဘာလဲဆိုတော့ ကျနော်က ပြောတာ အပစ်အခတ်ရပ်စဲရေးကို အရင်သွားလိုက်ပါ။ နောက်မှ ကြိုက်တဲ့ ဘာသာရပ်၊ အကြောင်းအရာတွေကို ဆွေးနွေးပါ။ ဒါမှ ကျနော်တို့ အဆင်ပြေမယ်။ ဒီ အပစ်အခတ်ရပ်စဲရေး မလုပ်ဘူးဆိုရင် ဒီဆွေးနွေးပွဲမှာ လာအနှောင့်အယှက်ဖြစ်မယ်။ အပစ်အခတ် မရပ်စဲတာကြောင့် ပြဿနာပေါင်း များစွာရှိတယ်။ တပ်တွေလည်း အမိန့်ပေးဖို့ခက်တယ်။ ခင်ဗျားတို့လည်း ခက်တယ်၊ ကျနော်တို့လည်း ခက်တယ်။ ကျနော်က ဒါကိုပြောတယ်။ သူက ဒါမဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးဖြေရှင်းခြင်းအားဖြင့် အပစ်အခတ်ရပ်စဲသွားမယ် ဆိုတာကို သွားနေတယ်။ ကျနော်က ဒါမရနိုင်ဘူး၊ အခုက ဘာနဲ့တူလဲဆိုတော့ မီးလောင်တာနဲ့တူနေတယ် မီးအရင် ငြှိမ်းရမယ်။ ပြီးမှ မီးဘာကြောင့်လောင်လဲဆိုတာကို ဆွေးနွေးရအောင်လို့ ရှင်းပြတယ်။ နောက် ဒုတိယအချက်က တပ်တွေပေါ့။ တပ်တွေက တက်နေပြီ၊ လာနေပြန်ပြီ၊ တပ်တွေလှုပ်ရှားနေတာကိုလည်း သူတို့က မကြိုက်ဘူး။ ဒီ တပ်တွေလှုပ်ရှားမှုအပေါ်မှာ သူက သူ့ကိုတိုက်မယ်ခိုက်မယ်ပဲ ထင်နေတာ။ ကျနော်က ပြောတယ်၊ လိုင်ဇာ သူ့ဌာနချုပ်ကို မတိုက်ဘူးလို့ အာမခံတယ်။ ဘယ်တော့မှ မတိုက်ဘူး ပြောတယ်။ ဒါပေမယ့် သူကလည်း မရဘူး ရှေ့တန်းကျကျ ရောက်နေတဲ့တပ်တွေ ရှိတယ်ပေါ့ အဲ့တပ်တွေဆုတ်။ တပ်တွေဆုတ်ပေးမှ ဆက်စကားပြောမယ်။ ဒီလိုဖြစ်နေတယ်။ ဒီလိုနဲ့ အကြိမ်ပေါင်းများစွာ လည်နေတဲ့သဘောရှိတယ်။ ကျနော်တို့က ပြောတယ်၊ အပစ်အခတ်အရင်ရပ်ပြီးမှ လမ်းတွေပြင်ကြရအောင်၊ ရွာတွေ၊ လူတွေ သူ့နေရာသူ ပြန်ရောက်အောင် လုပ်ရအောင်၊ ကလေးတွေလည်း စာသင်ရအောင်၊ ရုံးတွေ၊ ကျန်းမာရေး၊ စားရေးသောက်ရေး အခက်အခဲတွေလည်း ခင်ဗျားတို့လည်း ၀န်ထုတ်ဝန်ပိုး ဖြစ်တယ်။ ဒီလိုလုပ်ရအောင်၊ လမ်းတွေလည်း ခင်ဗျားတို့ သဘောတူရင် ပြင်ပေးမယ်။ တပ်တွေလည်း မတိုက်ပါဘူး ဆိုသော်လည်းပဲ လက်မခံဘူး။ နိုင်ငံရေးအရ ဆွေးနွေးမယ်၊ ပင်လုံအခြေခံ ပင်လုံစိတ်ဓာတ် ပြောတယ်။ ကောင်းပြီ ပင်လုံမှာ ဘာတွေပါလို့လဲ၊ ပင်လုံမှာလည်း ဒါတွေပဲ ပါတယ်။ ၉ ချက်မှာ၊ နံပါတ် ၇ အချက်က ဒီမိုကရေစီအခွင့်အရေး တိုင်းရင်းသားတွေ ရရမယ်ဆိုတာ ဒါလည်းပါတယ်။ ကျနော်တို့ ဆွေးနွေးတဲ့အထဲမှာလည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ တန်းတူအခွင့်အရေး ပါတယ်၊ ကျနော်တို့ကလည်း ပင်လုံစိတ်ဓာတ်ကို သဘောကျပါတယ်။ ပင်လုံနောက်ပိုင်း ရှိတဲ့ဟာတွေလည်း နောင်ကျရင် ပြည်ထောင်စုမြို့တော်မှာ ကျနော်တို့လုပ်မယ်၊ ဆိုပြီး ကျနော်ပြောခဲ့ပါတယ်။ တိုင်းရင်းသားတွေအားလုံး ပေးပါမယ်။ ဒါလေးတွေ ဆွေးနွေးပေးဖို့ ကျနော်ဆွေးနွေးတယ်၊ လက်မခံဘူး။ လက်မခံဘူးလို့တော့ မငြင်းဘူးပေါ့နော်၊ ခေါင်းစဉ်ပြောင်းပြော သွားတယ်။ အခု ကျနော်မလုပ်တော့လည်း ကိုအောင်မင်းနဲ့လည်း ဒီအတိုင်းပဲ။ နေရာကအစ ကျနော်ပြောတယ်၊ သူများတိုင်းပြည်ထဲ မလုပ်ပါနဲ့၊ တို့တိုင်းပြည်ရဲ့ ပဋိပက္ခကအစ ကြည့်ပါဦး သူတို့နယ်မြေထဲမှာတောင် လုပ်လို့မရဘူးဆိုပြီး လူအထင်သေးတယ်၊ တိုင်းပြည်သိက္ခာကျတယ်၊ ရွှေလီမလုပ်ပါနဲ့၊ ခင်ဗျားက ဒီဘက်ကိုလာခဲ့ပါ။ ကျနော်က မူဆယ်ဘက်လာမယ်။ ရွှေလီနဲ့ မူဆယ်က ဟိုဘက်ဒီဘက် ကူးတာ ၇ မိနစ်ပဲကြာတယ်။ ဒီမှာ လုံခြုံရေးလည်း တာဝန်ယူပါတယ်။ ဒါမှမဟုတ်လည်း လိုင်ဇာ၊ မြစ်ကြီးနားက လာပါ၊ ဗန်းမော်ကိုလာမယ်ဆိုရင် ဒါလည်း မရဘူး။ နောက် မိုင်ဂျာယန်ဆိုတဲ့ နယ်စပ်တနေရာကို ချိန်းတယ်၊ ဒီမှာကျတော့ လူကြီးတွေ လိုက်လို့မရဘူး၊ ဆွေးနွေးလို့မရဘူး။ တစုံတခုပစ်တယ်ခတ်တယ် ဆိုရင် တခုခုဖြစ်သွားရင် မကောင်းဘူးလေ။ ရွှေလီမှာဆိုလည်း ခဏ ခဏဆို မကောင်းဘူး။ ဒါတောင် ၃ ခါ လိုက်လျောတယ်။ အခုလည်း နောက်ဆုံး တွေ့ဖို့ပြောတာ ရွှေလီမှာပဲ၊ ဒါပေမယ့် နှစ်ဖက်က ဟိုဘက်က သဘောတူတယ်။ ဒီဘက်က သဘောမတူဘူး။ ဒီကလည်း လိုက်လို့လည်း မရဘူး။” လက်နက်ကိုင်ကိစ္စတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကိစ္စတွေနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍ၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးသိရမလဲ။ “ငြိမ်းချမ်းရေးဆွေးနွေးတာက အဲဒီအဆင့်ကလိုသေးတယ်။ သူတို့က လက်ခံပြီးသွားရင် သူတို့ပြောတာတွေကို ကျနော်တို့က ဒီမှာဆွေးနွေးလိုက်မယ်၊ ဆွေးနွေးပြီးတော့ အခြေခံဥပဒေလည်း လက်ခံလိုက်ပြီ၊ ရွေးကောက်ပွဲကိုလည်း ၀င်မယ်။ ရွေးကောက်ပွဲလုပ်မယ်။ လုပ်လို့မရမယ့် နေရာတွေမှာလည်း ရွေးကောက်ပွဲလုပ်မယ်။ ဒီဒေသတွေကို အုပ်ချုပ်ခွင့်ပေးမယ် စသဖြင့် ဒီအဆင့်တွေကို ရောက်မယ်။ ဒီအခါမှာ သူက ဘာပြင်ချင်တယ် ဘာပြင်ချင်တယ်ဆိုတာကို သူက ပြောလို့ရတယ်။ အဲဒီအဆင့်က နည်းနည်း လိုသေးတယ်။ ဒီအဆင့်ကို သွားပြီး ကျော်ဆွေးနွေးရင်လည်းမရဘူး။ သူလည်း တစ်နေတာ။ ရှမ်း အက်စ်အက်စ်အေမြောက် အဖွဲ့လည်း ရနေပြီ။ တောင် အာစီအက်စ်အက်စ်ကလည်း ရနေပြီ။ ရွက်ဆစ်တို့အဖွဲ့ကလည်း ရနေပြီ။ မိုင်းလားအဖွဲ့ကလည်း ရနေပြီ။ ဦးပေါက်ယူချန်းတို့ ၀အဖွဲ့ကလည်း ရနေပြီ။ ဒီထဲက ၀ အထူးဒေသလက်နက်ကိုင် အဖွဲ့ ၂ က အင်အားအကြီးဆုံးပဲ။ လူအင်အား၊ လက်နက်အင်အား၊ ဘဏ္ဍာရေးအင်အားရောပဲ အတောင့်တင်းဆုံးပဲ။ ဒီအဖွဲ့အစည်းတွေနဲ့ ရထားတယ်။ နောက်တဆင့်က တက်ဖို့ပဲ ကျန်တော့တယ်။ အခု နောက်တဆင့် တက်ဖို့အတွက် နည်းနည်းလေး အခက်အခဲ ဖြစ်နေတယ်။ ကျနော်တို့ ရည်မှန်းထားတဲ့ အဆင့်တွေ အများကြီးရှိတယ်။” တောင်သာ မဲဆန္ဒနယ်ကနေ ရွေးကောက်ခံ ကိုယ်စားလှယ်တယောက် အနေနဲ့ ဆိုရင် တောင်သာမဲဆန္ဒရှင်တွေရဲ့ မျှော်လင့်ချက်တွေ၊ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ လုပ်ဆောင်နိုင်ခဲ့သလဲ။ နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ ကျန်သေးလဲ။ အဲဒါလေး သိပါရစေ။ “သူတို့ရဲ့ လိုလားချက်က စီးပွားရေးတောင့်တင်းချင်တယ်။ အဲတော့ သူတို့ မိုးကို မျှော်ရတဲ့အပိုင်းနဲ့ ဆည်ကို အားကိုးရတဲ့ အပိုင်း ၂ ပိုင်းရှိတယ်။ ဆည်ကို အားကိုးရတဲ့ အပိုင်းကတော့ ကျနော်ထင်တယ်၊ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ၉၀ ရာခိုင်နှုန်းလောက်ကတော့ မိုးကို မျှော်ရလိမ့်မယ်။ အဲဒီတော့ မိုးလေ၀သ ကောင်းချင်တယ်။ ဒါတွေက စီးပွားရေး အကျပ်အတည်းလို့ ပြောလို့ရတယ်။ ဒီစီးပွားရေးကျပ်တည်းနေတဲ့အချိန်မှာ စီးပွားရေးကို နာလန်ထူနိုင်အောင် ဘယ်လို လုပ်ပေးနိုင်မလဲပေါ့။ မွေးမြူရေးနဲ့၊ စက်မှုလုပ်ငန်းနဲ့ စသဖြင့်ပေါ့ မီးလေးဘာလေးလည်း ရမယ်ဆိုရင် အဲဒီဘက်ကရမလား၊ စိုက်ပျိုးရေးကို ဘယ်လိုအကူအညီ ပေးနိုင်မလဲ စိုက်စရိတ်တို့ ဘာတို့ပေါ့။ ဒါလေးပဲ အားကိုးနေရတာ။ ဒါ ကျနော်တို့နယ်ရဲ့ ထမင်းဝရေးက အဓိကပြဿနာက အဲဒါပဲ။ ဒီပြဿနာကို အခြားနည်းနဲ့ ဖြေရှင်းတာက ပညာရေးပါ။ ကျနော့်နယ်မြေ တောင်သာက လူထု ၃ သိန်းနီးပါးရှိတယ်။ ကျနော့်တာဝန်တွေရှိပါတယ်။ ကျနော်ကလည်း ပညာရေးကလာတာဆိုတော့ ရာနှုန်းပြည့်နီးပါး ပညာရေးကို လူတိုင်းသင်နိုင်အောင်၊ အထက်တန်းကျောင်း ၁၅ ကျောင်းအထိ လုပ်ပေးထားပါတယ်။ ပညာရေးနဲ့ပဲ လူလုပ်ရမှာပဲ။ စီးပွားရေးကို ဘယ်နည်းမှ လုပ်လို့မရနိုင်ဘူး။ ဆည်ကလည်း ထပ်လုပ်စရာ နေရာမရှိတော့ဘူး။” အဲဒီမဲဆန္ဒရှင်တွေရဲ့ မျှော်လင့်ချက်တွေ၊ လိုအပ်ချက်တွေကို ကျန်နေသေးတဲ့ဆိုတဲ့ ခံစားချက်မျိုး ဘာတွေ ကျန်နေသေးတယ်လို့ ခံစားမိလဲ။ “အဲဒီပညာရေးကိစ္စပဲ ကျနော်က အတော်အတန်လေး လုပ်ပေးနိုင်တယ်။ စီးပွားရေးကိစ္စက အသီးအနှံလေးတွေကို ဈေးပုံမှန်လေးတွေ ရအောင် စိုက်ပျိုးစရိတ်ထောက်ပံ့ပေးရေး စသဖြင့်ပေါ့။ သူတို့ သွားရေးလာရေး လွယ်ကူအောင်လည်း ကျနော်လုပ်ပေးထားပါတယ်။ စိုက်ပျိုးရေးလေးရမှပဲ သူတို့ ထမင်းဝမှာလေ။ လှူတန်းဖို့အထိ မစဉ်းစားသေးနဲ့ဦး၊ ဗိုက်ဝဖို့ပဲ အရင်စဉ်းစားရမှာ။ မိုးတွေကောင်းမှ လှူတန်းရေးကလာမှာ။ အဲတော့ သားသမီး ကျန်းမာရေး၊ ပညာရေး အတော်ခက်ခဲ ရုန်းကန်ရတာ။ ကျနော်ကတော့ တခြားနည်းနဲ့ ဖြေရှင်းပေးထားတာက အလုပ်အကိုင်ရရှိရေးကို ဖန်တီးပေးထားတယ်။ အဲတော့ သူတို့ ပြန်ထောက်ပံ့နိုင်မယ်။ သီးနှံဘက်ကနေ မရနိုင်သေးဘူး။ အဲလို ဖြစ်နေတယ်။ အဲဒီတော့ ကျောင်းစရိတ် ထောက်ပံ့ကြေးတွေ၊ ရင်းနှီးမြှုပ်နှံဖို့အတွက် လုပ်ပေးရမှာပေါ့။ ဖြည့်ဆည်းပေးဖို့ကတော့ ဒါတွေပဲ။ နောင်လည်းပဲ ဒီအတိုင်း လိုနေဦးမှာပဲ။” နောက်တခါက ကိုယ်ရေးကိုယ်တာဘက် လှည့်ချင်ပါတယ်။ ဦးအောင်သောင်း ဆိုတဲ့ ပုဂ္ဂိုလ်ရေး တယောက်အနေနဲ့ ပညာရေးဘက်မှာလည်း ဖြတ်သန်းခဲ့တယ်ပေါ့နော်။ အစိုးရ၀န်ကြီး တယောက် အနေနဲ့ ဖြတ်သန်းခဲ့ဖူးတယ်။ အခု လွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ ဒီ ရေးရာကော်မတီ တယောက်အနေနဲ့ ဖြတ်သန်းလာတယ်။ အားရစရာတွေ အားမရစရာတွေကို ကြည့်တဲ့အခါမှာ ဘယ်ဘ၀တွေက ဘယ်လို အားရလဲ၊ အားမရလဲဆိုတာ ဘယ်လို သုံးသပ်ချင်လဲ။ “တော်တော်ကျယ်ပြန့်တဲ့ သဘောရှိတယ်။ အကျဉ်းချုပ်ကတော့ ကျနော်က စစ်ရေးစစ်ရာနဲ့ ပတ်သက်ရင် နည်းနည်း စိတ်ဝင်စားတယ်။ တွက်ချက်ပြီး လုပ်ရတာကို ၀ါသနာ ပါတယ်။ ပါလို့လည်း ကျနော်လည်း တိုက်ပွဲကြီးတွေ အများကြီး အောင်မြင်ခဲ့တယ်။ သူရဲကောင်းဘွဲ့တွေလည်း ရတယ်။ ဆိုတော့ ကျနော် ဒီဘက်မှာ လုပ်ရတာလည်း အတော် အားသာချက် ရှိပါတယ်။ တော်တော် စိတ်ဝင်စားတယ်။ အားရတယ်ပေါ့။” အားမရတာတွေကော ရှိလား။ “အားမရတာတွေက ပြည်သူလူထုရဲ့ လိုအပ်ချက်တွေအားလုံးကို ၀န်ကြီးဌာနအနေနဲ့ပဲ လုပ်လုပ်၊ နိုင်ငံတော်ရဲ့ တချို့လိုအပ်ချက်တွေကို ကျနော်အပြည့်အ၀ လုပ်မပေးနိုင်ဘူး။” ဘာကြောင့်လဲဗျ။ “ဘာကြောင့်လဲဆိုတော့ နံပါတ် ၁ က ဘဏ္ဍာရေးပါပဲ။ နံပါတ် ၂ က လုပ်နည်းလုပ်ဟန် နည်းစနစ်တွေပါပဲ။ နည်းပညာပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး အားမရသေးဘူး။ လွှတ်တော်ပိုင်းမှာတော့ တနှစ်နဲ့သုံးလပဲ ရှိသေးတယ်ဆိုတော့ အားမရသေးဘူးလို့ ပြောရင် စောနေသေး တယ်။ ငါးပုံတပုံပဲ ရှိသေးတာကိုး။ ၅ နှစ်သက်တမ်းဆိုတော့ အများကြီး ကျန်နေသေးတော့ အများကြီး စောင့်ကြည့်ရဦးမယ်။” နောက်ဆုံး အနေနဲ့ ကိုယ်ရေးကိုယ်တာဘက် မေးချင်ပါသေးတယ်။ နောင်လာနောင်သားတွေက ဦးအောင်သောင်းဆိုတဲ့  ပုဂ္ဂိုလ်တယောက်ကို ဘယ်လိုပုံစံမျိုး မှတ်မိစေချင်လဲ။ “ကျနော်အနေနဲ့ကတော့ ပြည်သူလူထုကို အကျိုးပြုလုပ်ငန်းမှာ အများဆုံး ဆောင်ရွက်သူအနေနဲ့ ကျနော်ကတော့ ကျန်ခဲ့စေချင်တယ်ပေါ့ဗျာ။ ကျနော်လုပ်လည်း လုပ်တယ်။ အကုန်အကျလည်း ခံတယ်။ အဲဒီတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သတင်းတွေကတော့ သိပ်မသိပါဘူး။ သိလည်းပဲ ဖော်ပြတာ သိပ်မရှိပါဘူး။ ကျနော်ကတော့ တကယ်တမ်း တော်တော်ကူညီပါတယ်။ ရွာတွေရပ်တွေမှာ မီးလင်းရေးကိစ္စ၊ ရေရရှိရေးကိစ္စ၊ သောက်သုံးရေရရှိရေးကိစ္စ၊ လမ်း၊ ပညာရေးကိစ္စတွေ၊ ဆေးခန်းတွေပေါ့။ ကျနော့်နယ်က လူတွေကိုလည်း မေးကြည့်လို့ ရတယ်။ ညောင်ဦးကလူလည်း မေးကြည့်လို့ရတယ်။ နတ်မောက်မှာလည်း မေးကြည့်လို့ရတယ်။ ကျနော်လုပ်ထားတဲ့နေရာပေါင်း မြောက်မြားစွာ ရှိတယ်။ နတ်မောက်က ကြိုက်တဲ့ သူကို မေးကြည့်လို့ရတယ်။ ညောင်ဦးကတော့ ပိုသိတာပေါ့ဗျာ။ ကျနော်က အမြဲတမ်း သွားလုပ်နေတာကို။ အဲတော့ ကျနော်က အဲဒါတွေ လုပ်ထားပါတယ်။ အဲဒီလိုပဲ ကျန်စေချင်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up