ဝီဂါတိုင်းရင်းသား အဆင့်မြင့် အရာရှိတဦးကို လာဘ်စားမှုဖြင့် တရုတ်စစ်ဆေး

793
တရုတ်အစိုးရဟာ ဝီဂါတိုင်းရင်းသားတွေထဲက အဆင့်မြင့်ဆုံး အရာရှိတယောက်ကို လာဘ်စားမှု သံသယနဲ့ စက်တင်ဘာ ၂၁ ရက်ကစပြီး စုံစမ်းစစ်ဆေးနေပါတယ်။
စစ်ဆေးခံ နူးရ်ဘေခရီဟာ တရုတ် အမျိုးသား စွမ်းအင်စီမံခန့်ခွဲရေးဌာန ညွှန်မှူးနဲ့ ရှင်းကျန်းပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်ပါတယ်။
သူ့ကို ဥပဒေနဲ့ ပါတီစည်းမျဉ်း ချိုးဖောက်မှု သံသယတွေအတွက် စစ်ဆေးနေတယ်လို့ လက်ရှိ အာဏာရ ကွန်မြူနစ်ပါတီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
အသက် ၅၇ နှစ်အရွယ် ဘေခရီဟာ ၂ဝ၁၄ ခုနှစ်မှာမှ တရုတ်မြို့တော် ပေကျင်းကို ပြောင်းရွှေ့လာသူပါ။
သူဟာ အမျိုးသား တိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်ရဲ့ ဒုတိယ အကြီးအကဲလည်း ဖြစ်ပါတယ်။
၂ဝဝ၈ ကနေ ၂ဝ၁၄ ထိ ရှင်းကျန်းပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၉ အဓိကရုဏ်းနဲ့ တိုင်းရင်းသား အကြမ်းဖက်မှုတွေကို မျက်မြင်သက်သေ မြင်ခဲ့သူလည်း ဖြစ်ပါတယ်။