Home
မြန်မာသတင်း
ကျောက်နီမော်ရွာ၌ မှတ်ပုံတင်ထုတ်ပေးသည့်ကိစ္စ အသေးစိတ်ပြန်လည်စိစစ်မည်
နေဖြိုးဝင်း
·
September 20, 2018
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာက လူ ၃၀၀၀ ကျော်ကို ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင်ထုတ်ပေးခဲ့တာဟာ ဥပဒေနဲ့အညီ လုပ်ခဲ့တာဖြစ်ပြီး ကန့်ကွက်တာတွေရှိနေတာကြောင့် အသေးစိတ်ပြန်လည်စိစစ်မယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ စက်တင်ဘာလ ၂၀ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ပြုလုပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ အနည်းဆုံးအခကြေးငွေနဲ့ လုပ်သားဈေးကွက် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြန်လည်ဖြေဆို တာပါ။ "အဲဒီကမန်တွေဟာ တိုင်းရင်းသားတွေ မှန်ပါတယ်။ သူတို့ကို မှတ်ပုံတင်ပေးတဲ့ လုပ်ငန်းကလည်း ၁၉၈၂ ခုနှစ် ဥပဒေနဲ့အညီ စိစစ်ပြီးပေးခဲ့တာဖြစ်ပါတယ်။ ကမန်တိုင်းရင်းသားအများစုကတော့ ရခိုင်မှာ နေပါတယ်။ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေတို့မှာ ရှိပါတယ်။ အဲဒီတိုင်းရင်းသားတွေကို စနစ်တကျစိစစ်ပြီးတော့မှ ပေးခဲ့တာဖြစ်ပါ တယ်။ အဲဒါနဲ့ပတ်သက်ပြီး ကမန်တိုင်းရင်းသားပါတီက ကမန်လူမျိုးမဟုတ်ဘူးလို့ ကန့်ကွက်ထားတာရှိပါတယ်။ ဒါလည်း ဌာနအနေနဲ့ စနစ်တကျစိစစ်ထားပြီးမှ လုပ်ထားတာဖြစ်ပါတယ်။ ထပ်ပြီးမှာလည်း စိစစ်မှာ ဖြစ်ပါတယ်။ တွေ့ရှိတဲ့အနေအထားတွေကို ပြန်လည်ပြီး လိုအပ်သလို ဥပဒေနဲ့အညီဆောင်ရွက်မှာဖြစ်ပါတယ်။ ၀န်ကြီးဌာနအနေနဲ့ အသေးစိတ်ပြန်လည်စိစစ်ပြီးတော့မှ ဥပဒေနဲ့အညီ ဆောင်ရွက်ထားတာဖြစ်ကြောင်း ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်" လို့ ဦးသိန်းဆွေက ပြောပါတယ်။ ကျောက်နီမော်မှာ ကမန်တိုင်းရင်းသားမဟုတ်သူတွေကို ကမန်တိုင်းရင်းသားတွေအဖြစ် မှတ်ပုံတင်ထုတ်ပေးထားတယ်ဆိုပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ကမန်တိုင်းရင်း သားတွေက ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာလည်း ကျောက်နီမော်အုပ်စုနေ ဘင်္ဂလီတွေကို ကမန်လူမျိုးအမည်နဲ့  ၁၁/ရဗန(နိုင်) မှတ်ပုံတင်ကတ်ပြား ၃၃၀၆ လုပ်ပေးထားတဲ့ကိစ္စကို ပြန်လည်ဆန်းစစ်ဖို့နဲ့ လူမျိုးအမည်မှားယွင်းစွာဖော်ပြထားတဲ့ကတ်တွေကို ပြန်လည်ရုပ်သိမ်း ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုတင်သွင်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024