ဘားအံထောင်က ထွက်ပြေးသူများကို လက်ခံထားပါက အရေးယူခံရမည်
DVB
·
September 20, 2018
ဘားအံထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို အိမ်မှာ လက်မခံထားကြဖို့နဲ့ လက်ခံထားရင် အမြင့်ဆုံး ထောင်ဒဏ် ၇နှစ်ထိ အရေးယူခံရနိုင်တယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က သတိပေးနှိုးဆော်လိုက်ပါတယ်။
ဒါ့အပြင် ထောင်ကထွက်ပြေးသွားသူတွေ တွေ့ရင် ဆက်သွယ်ရမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း ထုတ်ပြန်ထားပါတယ်။
ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဘားအံအကျဉ်းထောင်က ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို မိမိတို့အိမ်မှာ လက်ခံထားရင် ရာဇသတ်ကြီး ပုဒ်မ ၂၁၆ အရ ထောင်ကျနိုင်တယ်လို့ ဖော်ပြထားပါတယ်။
“ပြစ်မှုထင်ရှားခံရသူကိုဖြစ်စေ၊ ပြစ်မှုဖြင့် စွပ်စွဲခြင်းခံရသူကို ဖြစ်စေ ထိုပြစ်မှုနှင့်အညီ ချုပ်ထားရာမှ ထွက်ပြေးသောအခါ ထိုသူအား ဖမ်းဆီးခြင်းမှ ကာကွယ်ရန်အကြံဖြင့် လက်သင့်ခံခြင်း၊ ၀ှက်သိမ်းခြင်း ပြုလုပ်ပါက ထိုအကျဉ်းသား အချုပ်ခံရသော ပြစ်မှုသည် သေဒဏ်ထိုက်သော ပြစ်မှုဖြစ်ပါက (၇)နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကျဉ်းသားအချုပ်ခံရတဲ့ ပြစ်မှုဟာ တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ (၁၀) နှစ်ထိ ထောင်ဒဏ်ဖြစ်စေထိုက်တဲ့ ပြစ်မှုဖြစ်ပါက ငွေဒဏ်နှင့်သော်လည်းကောင်း၊ ငွေဒဏ် မပါဘဲသော် လည်းကောင်း၊ (၃)နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမယ်လို့လည်း ဖော်ပြထားပါတယ်။
တခါ အကျဉ်းသား အချုပ်ခံရတဲ့ ပြစ်မှုဟာ တစ်နှစ်ကနေ ဆယ်နှစ်အောက်ထိ ထောင်ဒဏ်ထိုက်တဲ့ ပြစ်မှုဖြစ်ရင် အဲ့ဒီပြစ်မှုအတွက် အများဆုံးပြဋ္ဌာန်းထားတဲ့ ကာလအပိုင်း အခြားရဲ့ လေးပုံတစ်ပုံအထိ ထောက်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားကြောင်းလည်း ဖော်ပြပါရှိပါတယ်။
ဒါကြောင့် ထွက်ပြေးအကျဉ်းသားတွေကို လက်ခံထားခြင်းမပြုကြဖို့နဲ့ မိမိတို့ ပတ်ဝန်းကျင် မှာ မသင်္ကာဖွယ်ရာ တွေ့ရှိရင် နီးစပ်ရာ ရဲစခန်းကို ဆက်သွယ် အကြောင်းကြားပေးပါလို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ကနေ စက်တင်ဘာ ၁၆ ရက်မနက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၂ ယောက်ထဲကနေ အကျဉ်းသား ၂၃ ယောက်ကို ပြန်လည်ဖမ်းမိခဲ့ပြီး ၁၉ယောက် လွတ်မြောက်နေတုန်း ဖြစ်ပါတယ်။