DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့ လယ်သမားများ ဘာသာပေါင်းစုံ ဆုတောင်းပွဲလုပ်
DVB
·
August 13, 2012
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့မြောက်ဘက်ဒေသမှာ တည်ဆောက်မယ့် ဘိလပ်မြေစက်ရုံအတွက် လယ်ယာမြေ အသိမ်းခံရနိုင်တဲ့ ကျေးရွာ ၁၀ ရွာကျော်က လယ်ယာမြေပိုင်ရှင်တွေ စုပေါင်းပြီး ဘာသာစုံ ဆုတောင်းပွဲတခုကို မနေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီဆုတောင်းပွဲကို ဘိလပ်မြေစက်ရုံ တည်ဆောက်မယ့် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာ အုပ်စု ဒေါမူကလားကျေးရွာမှာ ပြုလုပ်တာလို့ ဦးဆောင်ပါဝင်သူ တဦးဖြစ်တဲ့ မသူဇာလင်းက ပြောပါတယ်။

“မြေယာသိမ်းခံရတဲ့ ရွာတွေ စုပေါင်းပြီးတော့ တောတောင်နယ်မြေတွေ၊ သဘာဝပတ်ဝန်းကျင်တွေ စိမ်းလန်းစိုပြေအောင် ထိန်းသိမ်းကြဖို့၊ ဘိုးဘွားအမွေတွေကို တန်ဖိုးထားကြဖို့ ရည်ရွယ်ပြီး ဆုတောင်းပွဲ ပြုလုပ်တာပါ။”

ဒီဆုတောင်းပွဲကို ခရစ်ယာန်၊ ဗုဒ္ဓဘာသာ နဲ့ ကယားရိုးရာဘာသာပေါင်းစုံနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ ဆုတောင်းပွဲမှာ ပါဝင်တဲ့ ရွာတွေကတော့ ဒေါမူကလား၊ မြေနီကုန်း၊ ပကျဲ၊ နွားလဘို၊ ချီးကယ် အစရှိတဲ့ ဒေသတွင်းရွာ ၁၀ ရွာက လယ်သမား ၇၀၀ လောက် ပါဝင်ဆုတောင်းခဲ့ကြတာလို့ ဆိုပါတယ်။

ဘိလပ်မြေစက်ရုံတည်ဆောက်မယ့် ဒေသတဝိုက်က လယ်ယာခြံမြေ ဧကပေါင်း ၂,၀၀၀ကျော် သိမ်းဆည်းခံရဖို့ရှိပြီး လက်ရှိမှာတော့ တိုင်းတာမှုအဆင့် ပြုလုပ်နေပါတယ်။

လယ်ယာခြံမြေ အသိမ်းမခံရဖို့အတွက် ဒေသခံတွေအနေနဲ့ စုပေါင်း လက်မှတ်ထိုးပြီး ပြီးခဲ့တဲ့ ဇွန်လက ကယားပြည်နယ် ဝန်ကြီးချုပ်ဆီ တင်ပြထားပေမယ့် ခုချိန်ထိ တစုံတရာ အကြောင်းမပြန်တဲ့အတွက် ဒေသခံတွေ အနေနဲ့ အခုလို စုပေါင်းဆုတောင်းပွဲလုပ်ရတာလို့ မသူဇာလင်းက ပြောပါတယ်။

“ဘိဘပ်မြေစက်ရုံဆောက်မယ်ဆိုရင် အစိုးရနဲ့ ဒေသတွင်း ကုမ္ပဏီတွေ ပေါင်းပြီးတော့ သိမ်းဖို့ လုပ်တာပဲ။ ကျမတို့က မလုပ်ဖို့၊ တခြားနေရာမှာ လုပ်ဖို့ လက်မှတ်ထိုးပြီး ပြည်နယ်အစိုးရဆီ တင်တယ်။ ပြည်သူဆန္ဒကိုလည်း ကောက်ခံပြီး ကန့်ကွက်ခဲ့တာပါ။ အဲဒါကို ဆက်လက်ပြီးတော့ ထိန်းသိမ်းဖို့ ကျမတို့က ဒီလို ဆုတောင်းပွဲမျိုး လုပ်ပါတယ်။”
စက်ရုံတည်ဆောက်မယ့် မြေနေရာတွေမှာ ဒေသခံတွေက စပါး အပါအ၀င် မြေပဲ၊ နှမ်း၊ ပြောင်းဖူး အစရှိတဲ့ သီးနှံတွေကို လုပ်ကိုင်စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013