Home
မြန်မာသတင်း
အဓမ္မရွှေ့ပြောင်းခံရသည့် ရွှေပြည်သာစက်မှုဇုန် လုပ်သားများ ဆန္ဒပြ
နန်းမြနဒီ
·
August 13, 2012
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်ထဲမှာ နေထိုင်တဲ့ အလုပ်သမားတွေကို နေရာကနေ ရွှေ့ပြောင်းပေးဖို့ အိုးအိမ်စီမံခန့်ခွဲရေးဌာနက အတင်းအကျပ်ဖိအားပေးနေတဲ့အတွက်  ဒီနေ့မနက်မှာ အလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။ လစာဝင်ငွေနည်းပါးတဲ့ နေ့စားအလုပ်သမား မိသားစုတွေဟာ  ရွှေပြည်သာမြို့နယ် အိုကေကြာဆံ စက်ရုံရှေ့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က တဲထိုးနေထိုင်လာတာပါ။ အခုအခါ အဲဒီမြေပေါ်မှာ စက်ရုံတည်ဆောက်ဖို့အတွက် အလုပ်သမားအိမ်ခြေ ၁၀၀ ခန့်ကို ဖယ်ပေးဖို့ အိုးအိမ်စီမံခန့်ခွဲရေးရုံးနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ဒီနှစ် ဖေဖော်ဝါရီမှာ အကြောင်းကြားခဲ့တာဖြစ်ပါ တယ်။ သူတို့က တကယ့်မြေပိုင်ရှင်နဲ့တွေ့ခွင့်ရဖို့ တောင်းဆိုပြီး အခက်အခဲတွေကို ကိုယ်တိုင်တင်ပြ ညှိနှိုင်းလိုတဲ့အတွက် ဆန္ဒထုတ်ဖော်ကြတာလို့ ဆိုပါတယ်။ နေ့စားအလုပ်သမား အများစုပါဝင်တဲ့ ပြည်သူ ၁၀၀ ကျော်ဟာ ဆုံရပ်ကနေ   ရွှေပြည်သာစက်မှုဇုန် စီမံခန့်ခွဲရေးရုံးရှေ့ထိ ၃ ယောက်တတန်း စီတန်းလှည့်လှည်လာပြီး ဒီနေ့မနက် ၁၀ နာရီကျော်ကနေ ၁၁ နာရီကျော်ထိ ဆန္ဒပြခဲ့တယ်လို့ ပါဝင်သူတဦးက ပြောပါတယ်။ “စက်ရုံဆောက်တဲ့ စက်မှုဇုန်နေရာတွေကို သိမ်းတယ်ဆိုပြီး၊ သူတို့ကချက်ချင်း အားချင်းဖယ်ခိုင်းတာ။ မဖယ်ရင် ဒီနေ့ အဲ့နေရာကို သဲတွေသွင်းမယ်ဆိုပြီး ခြိမ်းခြောက်တာ။   ရဲခေါ်ပြီး ကျန်ခဲ့တဲ့သူတွေကို ဖမ်းမယ်ဆိုပြီးလုပ်တာ။ ဒီလူတွေက နေစရာမရှိဘူး။ ဒီနေရာမှာ ကျောင်းတွေတက်နေတဲ့ ကလေးတွေနဲ့ ထွက်သွားဖို့ကျတော့ အဆင်မပြေဘူးလေ။ ပြီးတော့ ငွေ ၁ သိန်းနဲ့ ဘယ်နေရာမှာ သွားရှာမလဲ။” သူတို့ဟာ အဲဒီမြေပေါ်မှာ နေထိုင်ဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေထံ ကျပ်ငွေ ၂ သောင်းခွဲပေးနေတာဖြစ်ပြီး ချက်ချင်းလက်ငင်းကြီး ဒီနေရာကနေ ထွက်ခွာဖို့ဆိုတာဟာ မိုးတွင်းကာလကြီးမှာ အလွယ်တကူ မဖြစ်နိုင်တဲ့အတွက် မြေပိုင်ရှင်နဲ့ တွေ့ဆုံ မေတ္တာရပ်ခံချင်ကြတာဖြစ်ပါတယ်။ အိုးအိမ်က သူတို့တွေကို ပြောင်းရွှေ့စရိတ် တအိမ်ကို ကျပ်ငွေ ၁ သိန်းပေး ပြောင်းရွှေ့ခိုင်းရာမှာ တချို့ တကိုယ်ရေတကာယသမားတွေ ပြောင်းသွားကြပေမယ့် မိသားစုနဲ့ နေထိုင်သူတွေအတွက် အဆင်မပြေတာကြောင့် သူတို့ကို နေရာတခု ချထားပေးစေချင်တယ်လို့ အလုပ်သမား ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီကိစ္စကို ကူညီဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံတင်ပြပေမယ့် အကူအညီ မရသေးဘူးလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024