Home
မေးမြန်းခန်း
ပြန်ကြားရေးဝန်ကြီးနှင့် သတင်းစာဆရာများအသင်း ဆွေးနွေးမှုအပေါ် ဆရာမောင်ဝံသကို မေးမြန်းချက်
အေးနိုင်
·
August 13, 2012
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက မြန်မာနိုင်ငံသတင်းစာဆရာအသင်းရဲ့ တာဝန်ရှိသူတွေ ကို သြဂုတ် ၁၂ ရက်နေ့ မနက်ပိုင်းက စာနယ်ဇင်းလွတ်လပ်ခွင့်ကိစ္စကို ညှိနှိုင်းဆွေးနွေးပါတယ်။ ရန်ကုန်မြို့ သိမ်ဖြူလမ်းက ဗဟိုပုံနှိပ်တိုက် အစည်းအဝေးခန်းမမှာ တွေ့ဆုံကြရာမှာ မြန်မာနိုင်ငံသတင်းစာဆရာအသင်း တာဝန်ရှိသူတွေက အမြုတေ စာနယ်ဇင်းကောင်စီနဲ့ ပတ်သက်လို့ သတင်းလွတ်လပ်ခွင့်ကို ထိပါးတယ်လို့ ယူဆတဲ့ လက်မခံနိုင်တဲ့ အချက်အလက်တွေကို ၀န်ကြီးကို တင်ပြခဲ့ကြတယ်လို့ ပြောပါတယ်။ [caption id="attachment_24899" align="alignleft" width="300" caption=" မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဆရာမောင်ဝံသ"][/caption] ၀န်ကြီးကတော့ သူရဲ့ပြန်လည်ညှိနှိုင်းချက်ကို အတွင်းရေးအဖြစ် သတ်မှတ်ဖို့ မေတ္တာရပ်ခံတာကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်ဘူးလို့ အစည်းအဝေး တက်ရောက်တဲ့ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဆရာမောင်ဝံသက ပြောပါတယ်။ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းကို ဒီလ ၁၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အစိုးရက သြဂုတ်လ ၉ ရက်နေ့စွဲနဲ့ ဖွဲ့စည်းပေးလိုက်တဲ့ အမြုတေစာနယ်ဇင်းကောင်စီမှာ ဆရာမောင်ဝံသတို့လည်း ပါဝင်ပေမယ့် တာဝန်ဝတ္တရားပိုင်းမှာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးတာကြောင့် တာဝန်မယူနိုင်ဘူး လို့ ငြင်းဆန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဋ္ဌ ဆရာမောင်ဝံသကို မေးထားပါတယ်။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းနဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းတို့တွေ့တယ်လို့ သိရပါတယ်။ ဘယ်သူတွေ ပါပြီး ဘာတွေဆွေးနွေးလဲ သိပါရစေ။ “တွေ့တဲ့အကြောင်းရင်းက မြန်မာနိုင်ငံသတင်းစာဆရာများအသင်းက ထုတ်ပြန်ကြေညာထားတဲ့ သဘောထားကြေညာ ချက်ပေါ့၊ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ တောင်းဆိုထားတဲ့အချက်တွေကို လိုက်လျောနိုင်လား၊ မလိုက်လျောနိုင်ဘူးလားဆိုတဲ့ သဘောထားပါ။” အဓိကအားဖြင့် ဘယ်နှချက် တင်ပြလိုက်ပါလဲ။ “အားလုံးပေါင်း ၈ ချက်။” ၈ ချက်ထဲက ဆရာတို့ concern အဖြစ်ဆုံးဟာတွေကို ပြောပြပါ။ “၂(က)ကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တည်ဆဲဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ရန်ဆိုတာကို၊ ကျနော်တို့က တည်ဆဲဥပဒေနဲ့အညီဆိုတာတော့ မသင့်တော်ဘူး။ ဒါကို ဖြုတ်ဖို့တောင်းဆိုတယ်။ တည်ဆဲဥပဒေဆိုတာကတော့ လုံခြုံရေးပုဒ်မတွေ၊ ကာကွယ်ရေးပုဒ်မတွေ၊ အီလက်ထရောနစ်ပုဒ်မတွေနဲ့ဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့က ပြဒါးတလမ်း၊ သံတလမ်းလေ။ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ၂(ခ)ကတော့ လုံးဝကိုဖြုတ်မှဖြစ်မယ်။ အဲဒါက တော်တော်ဆိုးတယ်။ စာနယ်ဇင်းနယ်ပယ်က ပုဂ္ဂိုလ်တွေ ရေးသားပြောဆိုဟောပြောခွင့်များတဲ့၊ အဓိက ၃ ခုပေါ့၊ ဘာကိုဆိုလိုမှန်းတော့မသိဘူး။ ရေးသားတာရယ်၊ ဟောပြောတာရယ်(စာပေဟောပြောပွဲတွေပေါ့)၊ ဆောင်ရွက်မှုများ၊ အဲဒါတွေက တိုင်းရင်းသားပြည်သူတို့ရဲ့ အကျိုးစီးပွားကို မထိပါးအောင် ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာမထိခိုက်စေရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာမထိခိုက်စေရေးကို ကြီးကြပ်ဆောင်ရွက်ရန် ဆိုတော့ ကျနော်တို့ အမြုတေကောင်စီက ဟောပြောပွဲတွေကို သွားထိုင်ကြည့်၊ နားထောင်ပြီးတော့ ငြိလား မငြိလား အဲလိုမျိုး လုပ်ရမယ့် သဘောဖြစ်နေတယ်။ အဲဒါကိုတော့ လုံးဝဖြုတ်ခဲ့ပေးဖို့ တောင်းဆိုတာပေါ့။” ၀န်ကြီးဦးကျော်ဆန်းကရော စာနယ်ဇင်းလောကကို လွတ်လပ်ခွင့်ပေးလိုက်ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ သူက စိတ်ထဲမှာရှိတယ်၊ ဘာတွေစိုးရိမ်နေတယ်လို့ သူနဲ့တွေ့တဲ့အခါမှာ မှတ်သားလိုက်မိလဲ။ “အခု တွေ့ဆုံပွဲကို ၀န်ကြီးကသူမေတ္တာရပ်ခံတာရှိတယ်။ ဒါနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေကို အားလုံး သဘောတူညီချက် မရမချင်း ဒါကို confidential (လျှို့ဝှက်) ထားပေးပါတဲ့။ ၀န်ကြီးဘက်ကပြောတာဆိုတာ ဆွေးနွေးတာတွေကိုတော့ ကျနော်မှာ မပြောနိုင်ဘူးပေါ့ဗျာ။ ကျနော်တို့ဘက်က ဆွေးနွေးချက်တွေ၊ လိုလားချက်တွေကိုတော့ ကျနော်ပြောခွင့်ရှိပါတယ်။” အမြုတေစာနယ်ဇင်းကောင်စီရဲ့ ကြေညာချက်အရတော့ ဝေဖန်တဲ့ သတင်းလောကသားတချို့ကပြောတယ်။ စာပေစိစစ်ရေးက ဖြုတ်တော့မယ်။ စာပေစိစစ်ရေးရဲ့ တာဝန်ကို ပခုံးထမ်းလွှဲတယ်လို့ ပြောကြတယ်။ စာနယ်ဇင်းသမားချင်း ဟိုဟာမရေးရ၊ ဒါမရေးရ ကန့်သတ်ဖို့ပေါ့။ အဲဝေဖန်မှုတွေအပေါ်မှာ ဆရာတို့ သတင်းစာဆရာများအသင်းကရော သတ်သတ်မှတ်မှတ်ပြောပေးပါ။ “ဒါက ပြောနေတာပဲလေ၊ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့ပြီးရင် စာပေစိစစ်ရေးကို ရုပ်သိမ်းလိုက်တော့မယ်၊ မထားတော့ဘူးဆိုပြီး ပြောတယ်၊ တကယ်လည်း ပြင်ဆင်နေပုံရတယ်။ ဒီနေ့ကစပြီးတော့ ထုတ်တင်၊ စာမူတွေတင်စရာမလိုတော့ဘဲ ထုတ်ဝေခွင့်ပေးမယ့် သဘောရှိတယ်။ ကျနော်တို့ကလည်း စာနယ်ဇင်း သမားများရဲ့ ကျေနပ်တဲ့ သဘောတူတဲ့ အနေအထားမျိုးမရောက်ဘူး၊ ပြင်ဆင်ပြောင်းလဲတာတွေ မလုပ်ပေးဘူး ဆိုရင် ကျနော်တို့ကလည်း အမြုတေစာနယ်ဇင်းကောင်စီမှာ ဆက်မပါဘူးပေါ့လေ။ မပါဘူးဆိုတော့ အမြုတေစာနယ်ဇင်းကောင်စီက အခု လောလောဆယ်မှာ အလုပ်မလုပ်နိုင်သေးတဲ့ သဘောရှိတယ်။ ဒါကြောင့်နဲ့ တူတယ်၊ မနေ့ကဆိုရင် စာပေစိစစ်ရေးက ဂျာနယ်တွေကို ဖုန်းခေါ်ပြီးတော့ ခါတိုင်းလိုပဲ စာမူတွေတင်ဖို့ လှမ်းအကြောင်းကြားပါတယ်။” စာနယ်ဇင်းကောင်စီကို စာနယ်ဇင်းလောကသားတွေပဲ ဖွဲ့ဖို့အဆင်မပြေဘူးလား။ ဘာတွေအခက်အခဲရှိပါလဲ။ “အမှန်ကတော့ ဖြစ်သင့်တာတော့ အဲလိုဖြစ်ရမှာ။ တဖက်ကပြောတာတော့ အမြုတေဆိုတာ တကယ်ပေါ်လာမယ့် အမြဲတမ်းစာနယ်ဇင်းကောင်စီကို ဒီအမြုတေကောင်စီကနေ ပုံစံချပေးမယ်ပေါ့။ အဲတော့မှ စာနယ်ဇင်းကိုယ်စားလှယ်တွေ၊ အပြင်က ပညာရှင်အချိုးက ဘယ်လောက်၊ စာနယ်ဇင်းသမားတွေရဲ့ အချိုးကဘယ်လောက် အဲလိုနဲ့ သွားမယ်လို့ ဆိုပါတယ်။” အမြုတေစာနယ်ဇင်းကောင်စီက လွှတ်တော်တင်တော့မယ်၊ ပြန်ကြားရေးကဆွဲတဲ့ မီဒီယာဥပဒေမူကြမ်းနဲ့ စပ်လျဉ်းလို့ ဘယ်လိုအခန်းကဏ္ဍကနေ ပါမယ်လို့ သိထားပါလဲ။ “ကျနော့်အထင်တော့ အမြုတေစာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးကရေးဆွဲပြီး လွှတ်တော်တင်တော့မယ် ပုံနှိပ်မီဒီယာဥပဒေမူကြမ်းနဲ့ အဆက်အစပ်တော့ မတွေ့သေးဘူး။” ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြန်ကြားရေးက ရေးဆွဲတဲ့ ဥပဒေကြမ်းကို လွှတ်တော်မတင်ခင်မှာ စာနယ်ဇင်းသမားတွေကို အရင်ချပြမယ်ဆိုတဲ့ သတင်းတခု ကျနော်တို့ ရေးလိုက်တယ်။ စာနယ်ဇင်းကောင်စီကိုများ ချပြပြီးတော့မှ သူတို့ လုပ်မလားလို့လေ။ “အဲဒီလိုတော့ မဟုတ်ဘူး။ သူရဦးအေးမြင့်တို့ ခေါင်းဆောင်တဲ့ လွှတ်တော်ရေးရာကော်မတီနဲ့ စာနယ်ဇင်း သမားတွေ တွေ့တုန်းက လွှတ်တော်ကို တင်ပြီဆိုတာနဲ့ သူတို့က စာနယ်ဇင်းသမားကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပြီး မကြိုက်တဲ့ အချက်တွေကို ပယ်ဖို့၊ ဖြည့်စွက်စရာတွေကို ဖြည့်စွက်ဖို့ အဲဒီလိုမျိုး လွှတ်တော်ရေးရာကော်မတီက စာနယ်ဇင်းသမားတွေဘက်က ရပ်တည်ပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ကတိက၀တ်ပေးသွားတယ်။ အဲဒီအဆင့်က မရောက်သေးဘူး။ လွှတ်တော်ကို ဥပဒေမူကြမ်းကို မတင်သေးတာ။” စာနယ်ဇင်းကောင်စီက အခုလောလောဆယ်တော့ သတ်သတ်မှတ်မှတ် မရှိသေးဘူးပေါ့။ ဆရာတို့က လက်မခံသေးဘူး ဆိုတော့လေ။ အဲဒီစာနယ်ဇင်းကောင်စီက အစိုးရရဲ့ လွှမ်းမိုးမှု ရှိတယ်။ စာနယ်ဇင်းသမားတွေကလည်း ကန့်ကွက်တဲ့သူတွေရှိနေတယ်။ အဲဒီအပေါ်မှာ ဆရာတို့ အမြင် ပြောပြပါလား။ “အခု ထုတ်ပြန်တဲ့ တာဝန်ဝတ္တရားတွေနဲ့ လုပ်ပိုင်ခွင့်တွေ စာနယ်ဇင်း ကောင်စီကို ချမှတ်ပေးထားတဲ့ တာဝန်ဝတ္တရားတွေနဲ့ လုပ်ပိုင်ခွင့်တွေကို ကြည့်မယ်ဆိုရင် စာနယ်ဇင်းသမားတွေက ကျနော်တို့ ကန့်ကွက်ထားတဲ့ သဘောမတူပါဘူးလို့ တောင်းဆိုထားတဲ့ အချက်တွေက စာနယ်ဇင်းသမားတွေ လိုလားချက်နဲ့ ကျနော်တို့ အတူတူပါပဲ။ အဲဒီတော့ ဒီအတိုင်း ဆက်သွားရင်တော့ ကျနော်တို့ဆိုလိုတာက ကျနော်တို့ မြန်မာနိုင်ငံဆိုင်ရာ သတင်းစာဆရာအသင်းက ကိုယ်စားလှယ်တွေ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စာနယ်ဇင်းသမားတွေနဲ့ စာဖတ်ပရိသတ်ပြည်သူတွေက လက်ခံဖို့ တော်တော်ခဲယဉ်းပါလိမ့်မယ်။” ဒီလအတွင်းမှာပဲ ဆက်တိုက်ကြားရတာက စာနယ်ဇင်း ဥပဒေမူကြမ်းကလည်း လွှတ်တော်တင်မယ် နောက်ပြီး စာနယ်ဇင်းကောင်စီပေါ်လာတယ်။ ဆရာတို့ကန့်ကွက်တယ်။ နောက် ၂ ရက်လောက် အတွင်းမှာပဲ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း ဖွဲ့စည်းလိုက်တယ်။ နောက်လည်း ကျရော ပြန်ကြားရေးဝန်ကြီးက တွေ့တယ်။ ဒီလိုမျိုး ဖြစ်နေတာက လွှတ်တော်ကို တင်မယ့် စာနယ်ဇင်းဥပဒေ မူကြမ်းကို အချိန်ကိုက် ဖြစ်လာတာလို့ ဆရာတို့ ယူဆမိသလားဗျ။ “ကျနော်တို့ကတော့ သြဂုတ်လ ၁၁ ရက်နေ့ စနေနေ့က နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပဖို့က လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကြိုပြီးတော့ ပြင်ဆင်ထားတာ။ အမြုတေစာနယ်ဇင်းကောင်စီ ပေါ်လာမယ်ဆိုတာလည်း ကျနော်တို့ မသိဘူး။ ဒီကိစ္စတွေကိုလည်း ကျနော်တို့ ကြိုမသိဘူး။ အဲဒီတော့ အဆက်အစပ် မရှိပါဘူး။ ကိုယ့်ဘာသာ သီးခြား လုပ်ရင်းနဲ့ ပေါ်လာတဲ့ ပြဿနာတွေကို ကျနော်တို့က သဘောထားကြေညာချက် ထုတ်တာပါပဲ။” စာနယ်ဇင်း ဥပဒေမူကြမ်းကို ပြန်ကြားရေးက ရေးဆွဲတယ်။ ကန့်ကွက်မှုလည်း ရှိနေတယ်ဆိုတော့ ဘယ်သူတွေ ရေးဆွဲတာကို ဆရာတို့ မြန်မာနိုင်ငံဆိုင်ရာ သတင်းစာ ဆရာများ အသင်းက လိုလားလဲဗျ။ “ပုံနှိပ်မီဒီယာ ဥပဒေကတော့ စာနယ်ဇင်းသမားတွေပါဝင်တဲ့ ကော်မရှင်တခုကနေ ရေးဆွဲဖို့ သင့်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါနိုင်တယ်ဗျာ။ ဥပဒေပညာရှင်လည်း ပါနိုင်တယ်။ အဲလို ပါဝင်ပြီး ပြေပြေလည်လည် ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အခု မြေယာဥပဒေတို့ ဆိုရင်လည်း တောင်သူလယ်သမားတွေ ချပြတဲ့နေရာတွေ အများကြီး ရှိတာပဲ။” ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပွင့်လင်းစကာလမျိုးလို့လည်း ပြောကြတယ်။ မြန်မာနိုင်ငံက စာနယ်ဇင်းသမားတွေကို ညီလာခံတရပ်မျိုး ကျယ်ကျယ်ပြန့်ပြန့် ခေါ်ဖို့ဆိုရင် ဘယ်လိုမျိုး အခြေအနေမျိုး ဖြစ်နိုင်သလဲ။ အခုလက်ရှိ အခြေအနေက ဖြစ်နိုင်လား။ “ဒီလိုအချိန်မျိုးမှာ ပြဿနာတွေ ရှိနေတဲ့အချိန်ဆိုတော့ အခုအနေမှာ ညီလာခံခေါ်မယ်ဆိုရင် တင်းမာတာတွေကို လျော့အောင် မလုပ်နိုင်ဘူးဆိုရင် ပိုပြီး တင်းမာဖို့ပဲ ရှိတယ်။ အားလုံး ကျေကျေနပ်နပ်နဲ့ လက်ခံတဲ့ အနေအထားမျိုး အချက်အလက်တွေနဲ့ ဖွဲ့စည်းဖို့ လိုမယ်။ ပုံနှိပ်မီဒီယာ ဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်မယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် ဆွေးနွေးဖို့ စာနယ်ဇင်းသမားတွေရဲ့ သဘောဆန္ဒကို ထင်ဟပ်ပြီး ဆွေးနွေးဖို့၊ ပြဋ္ဌာန်းခြင်း မပြုခင်မှာ စာနယ်ဇင်းသမားတွေ ကိုယ်တိုင်က ကျေကျေနပ်နပ်နဲ့ သဘောတူတဲ့ ဥပဒေမျိုးဖြစ်ရင် ပိုကောင်းတာပေါ့။ တကယ်ကျယ်ပြန့်တဲ့ မီဒီယာညီလာခံတခု ကျင်းပပြီး တိုင်းပြည်အတွက် စတုတ္တမဏ္ဍိုင်ပီပီသသနဲ့ ဘယ်လိုရှေ့ဆက်ပြီး သွားကြမယ်။ စတုတ္တမဏ္ဍိုင်အပေါ်မှာ ကျန်တဲ့ မဏ္ဍိုင်သုံးရပ်က ဘယ်လိုဆက်ဆံမလဲ။ စတုတ္တမဏ္ဍိုင်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကလည်း စတုတ္တမဏ္ဍိုင်ကို ဘယ်လို တိုးပြီး မြှင့်တင်မလဲဆိုတာတွေ အများကြီး ရှိပါတယ်။” ဆရာတို့ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းကတဖွဲ့၊ ကျန်တဲ့ ကျနော်တို့ ကြားတာက ရန်ကုန်မှာ ၂ ဖွဲ့၊ မန္တလေးမှာလည်း ထပ်ရှိသေးတယ်ဆိုတော့ အဲလိုအဖွဲ့တွေ ဘယ်လိုညှိနှိုင်းဆောင်ရွက်ကြမလဲ။ “ဒီလိုအဖွဲ့တွေကတော့ အခုလို ညီလာခံတို့၊ ဟိုတလောကဆိုရင် မီဒီယာ ၂ ခုကို ရပ်စဲလိုက်တဲ့အတွက် ကန့်ကွက်တာတို့ လုပ်တဲ့အခါ ပူးပေါင်းပြီးတော့ လုပ်ကြတာပါပဲ။ ပြီးတော့ ဒီလို အသင်းအဖွဲ့တွေပေါ်နေတယ်ဆိုတာလည်း ၀မ်းသာစရာပါပဲ။ ပိုပြီးတော့ စုစုစည်းစည်းနဲ့ တွဲဖက်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ကိုယ်နဲ့နီးစပ်သူအချင်းချင်းဖွဲ့၊ ပြီးတော့ တူတဲ့ကိစ္စတွေမှာ ပူးပေါင်းပြီးတော့လုပ်၊ ဒါကပိုပြီးတော့ ဒီမိုကရေစီကျတာပေါ့။” ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။ “မြန်မာနိုင်ငံသတင်းစာဆရာများအသင်းက အမြုတေစာနယ်ဇင်းကောင်စီနဲ့ ပတ်သက်လို့ သဘောထားကြေညာချက်လည်း ထုတ်ထားပါပြီ။ ကျနော်ကတော့ စာဖတ်ပရိသတ် ပြည်သူတွေရော၊ စာနယ်ဇင်းသမားတွေရော၊ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို လေ့လာစေချင်ပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်မှာ လိုအပ်တာတွေ၊ ချို့ယွင်းချက်တွေရှိရင်လည်း ကျနော်တို့ကို ဝေဖန်ထောက်ပြ၊ ညွှန်ပြပြီးတော့ ဆွေးနွေးနိုင်ပါတယ်။ ဒါဆိုရင်သေချာလက်ကမ်းကြိုဆိုမှာပါ။ ကျနော်တို့က ချက်ချင်းကြီး သောကြာနေ့သတင်းစာမှာ ပါတော့မှ သိတယ်။ အဲ့ဒါကို တနေ့ခင်းလုံး ချက်ချင်းဆွေးနွေးပြီးတော့ ညနေခင်းမှ သဘောထား ကြေညာချက်ထုတ်ရတာ။ တော်တော်ကြီးကို မြန်မြန်ဆန်ဆန် ထုတ်ရတာ။ တကယ်လို့ လိုအပ်တာတွေ၊ လစ်ဟင်းတာတွေရှိရင်လည်း စာနယ်ဇင်းသမားတွေက ကောင်းစေချင်တဲ့ စေတနာနဲ့ ကျနော်တို့ကို ဝေဖန်နိုင်ပါတယ် လို့ ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024