A d v e r t i s e m e n t With Us

ဂါဇာကမ်းမြောင် ဆန္ဒပြပွဲတခုအတွင်း ပါလက်စတိုင်း ၂ ဦးသေဆုံး၊ ၄၆ ဦး ဒဏ်ရာရ

ဓာတ်ပုံ - AFP
ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာ စက်တင်ဘာ ၁၈ ရက် ဆန္ဒပြပွဲတခုအတွင်း ပါလက်စတိုင်း ၂ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီဆန္ဒပြပွဲဟာ အစ္စရေးဘက်ကို သွားနိုင်တဲ့ အရက်ဇ် ခရီးသည် နယ်စပ်ဖြတ်ကျော်စခန်း အနီးမှာ ဖြစ်ခဲ့တာပါ။ အစ္စရေးစစ်တပ် ပြောခွင့်ရသူကတော့ သေဆုံးမှုအကြောင်း မသိသလို ဆန္ဒပြသူတွေကို ပစ်ခတ်တာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ လူငယ်အများစုဟာ အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျောက်တုံးတွေ၊ မီးရှို့ထားတဲ့ တာယာတွေနဲ့ ပစ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်ဒိုနီးရှားက ဖွင့်ပေးထားတဲ့ ဂါဇာဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တဦးကတော့ သေဆုံးသူ ၂ ဦးစလုံးဟာ အမျိုးသားတွေဖြစ်ပြီး ရင်ဘတ်နဲ့ ကျောဘက် အသီးသီးမှာ ကျည်ဆန်မှန်ခဲ့တယ်လို့ ပြောထားပါတယ်။ ဒါ့ပြင် ဂျေရုဆလင်မြို့ဟောင်းမှာ ဂျူးတဦးကို ဓားနဲ့ထိုးဖို့ ကြိုးပမ်းတဲ့ ပါလက်စတိုင်းတဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ အဝတ်ဖုံးထားတဲ့ အလောင်းတလောင်းရှိရာ လမ်းတလမ်းကို ပိတ်ထားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up