ဣစိတံအစ YBS အဆုံး ခြတောင်ကုန်း (သုတကဖေး)

ဓာတ်ပုံ - Jacob baynham
YBS က သိန်း ၃၅၀၀ လောက် အရှုံးပေါ်နေသတဲ့။ ဒီသတင်းကြားရတော့ မအံ့သြမိခဲ့ပါဘူး။ အခုမှမဟုတ်ဘူး အရင်မော်တော်ယာဉ်အသင်းကို အစိုးရ စကိုင်တွယ်ကတည်းက အရှုံးနဲ့စခဲ့တာပဲလေ။ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လိုင်း ကာလတွေကတော့ အကျိုးအမြတ် ရခဲ့တာပဲ။ ဒီတော့ အရင်ခေတ်က ဘတ်စ်ကားလိုင်းတွေ ဘယ်လိုစခဲ့ပြီး ဘယ်လိုလုပ်ကိုင်ခဲ့သလဲဆိုတာ ဒီနေ့လူသားအဖို့တော့ စိတ်ဝင်စားစရာပဲ။ ရတတ်သမျှ လေ့လာကြည့်ရအောင်။ ကိုလိုနီခေတ် အောက်ဗမာပြည် အင်္ဂလိပ်လက်အောက် ကျရောက်စဉ်ကပဲ စကြည့်ပါမယ်။ အင်္ဂလိပ်တို့အုပ်ချုပ်စဉ် ၁၈၈၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးဟာ နွားလှည်းတွေ၊ မြင်းလှည်းတွေ၊ မြင်းတွေနဲ့ပဲ သွားလာလှုပ်ရှားနေကြရဆဲပါ။ ဒါတွေကိုပဲ ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်အဖြစ် သုံးခဲ့ကြတာ။ ၁၈၈၄ ခုနှစ်ထဲရောက်တော့ ရေနွေးငွေ့နဲ့မောင်းတဲ့ ဓာတ်ရထား ရောက်လာပြီ။ ဗမာပြည်မှာ ရထားက ကားထက်စောပြီး ရောက်ခဲ့တာ။ ရထားရောက်ပြီး ကိုးနှစ်ကြာမှ လန်ချားက ၁၈၉၃ မှာ ရောက်လာတာ။ ဒါပေမယ့် လူကုံထံတွေကတော့ မြင်းလှည်းကိုပဲ စတိုင်ကျကျ စီးကြတယ်လို့ ဆိုပါတယ်။ ၁၉၀၅ ခုနှစ်ထဲရောက်မှ မြန်မာနိုင်ငံမှာ “ကား” လို့ခေါ်တဲ့ ယာဉ်တမျိုး စတင်ရောက်ရှိတာ။ ကိုယ်ပိုင်စီးယာဉ်အဖြစ်ပဲ အသုံးပြုခဲ့တာ။ ဒါပေမယ့် ၁၉၀၆ ခုနှစ်ထဲမှာတော့ မော်တော်ယာဉ်ဥပဒေ ထွက်နေပါပြီ။ ၁၉၁၃ ခုနှစ်ရောက်တော့ RET လို့ခေါ်တဲ့ နိုင်ငံခြားသားပိုင်တဲ့ လျှပ်စစ်ဓာတ်ရထားလိုင်း ကုမ္ပဏီကပဲ မော်တော်ယဉ် ၅ စီးနဲ့ ဘတ်စ်ကားလိုင်းကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။ တချို့မှတ်တမ်းတွေကတော့ ၁၉၁၁ ခုနှစ်လို့ ဆိုကြပါတယ်။ အခြားအထောက်အထားတွေနဲ့ ညှိနှိုင်းရာမှာတော့ ၁၉၁၃ ခုနှစ်က အမှန်ဖြစ်မယ်လို့ ယူဆရပါတယ်။ နောက် ၂ နှစ်အကြာမှာတော့ မော်တော်ကား ၈ စီးနဲ့ ဘတ်စ်ကားလိုင်းကို ပြေးဆွဲခဲ့တယ်။ အဲ့ဒီအချိန်က လျှပ်စစ်ရထားလိုင်းကို မယှဉ်နိုင်သေးဟန်ပါပဲ။ မြန်မာနိုင်ငံ ဘတ်စ်ကားလိုင်းသမိုင်းမှာတော့ ဘတ်စ်လိုင်းအစ အာအီးတီကလို့ ဆိုစမှတ်ကျန်ခဲ့တော့တယ်။ ၁၉၂၄ ခုနှစ်ထဲရောက်တော့ ပထမဦးဆုံး မြန်မာလူမျိုးပိုင် ဘတ်စ်လိုင်းတွေ ပေါ်လာတယ်။ မင်းမဟော်ဘတ်စ်လိုင်းနဲ့ ဣစိတံ ဘတ်စ်လိုင်းတို့ပါပဲ။ တည်ထောင်ခဲ့ကြသူတွေဟာ လုပ်ငန်းအစုံစုံက ပါခဲ့ကြတယ်။ မော်တော်ယာဉ်အလုပ်ရုံ စာရေးကြီး၊ ဘုရားရွှေကြိုလုပ်ငန်း၊ နိဗ္ဗာန်ကုန်သည်၊ သင်္ချိုင်းကျောက်စာထွင်းသူ၊ ကျောက်ဆစ်ထုသူတွေ စုပေါင်းပြီး မော်တော်ယာဉ် ၁၅ စီးနဲ့ စတင် တည်ထောင်ခဲ့ကြတာ။ အပြိုင်ပြေးဆွဲကြရာမှာ မော်တော်ယာဉ်လိုင်းတွေကို တံဆိပ်အမှတ်အသားတွေနဲ့ ပြေးဆွဲခဲ့တာ။ ကြက်တံဆိပ်မော်တော်ယာဉ်၊ နဂါးတံဆိပ်၊ မြင်းခေါင်းတံဆိပ်၊ လက်ရုံးတံဆိပ် စသဖြင့်ပေါ့။ နဂါးတံဆိပ် မော်တော်ယာဉ်ကတော့ တက္ကသိုလ်ကျောင်းနဲ့ လသာကို ပြေးဆွဲတာ။  လေယာဉ်တံဆိပ်က အင်းစိန်-ရန်ကုန်ပေါ့။ အဲ့ဒီမော်တော်ယာဉ်လုပ်ငန်းဟာ ဒုတိယကမ္ဘာစစ်မဖြစ်မီ အချိန်ထိ အကျိုးအမြတ် ရရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ပုဂ္ဂလိက လုပ်ငန်းပေကိုး။ မှတ်တမ်းတခုအဆိုအရ ပြောရရင် ၁၉၃၀ ထဲရောက်တော့ ရန်ကုန်မြို့မှာ ယဉ်ကြောကျပ်တည်းမှု ကြုံနေရပြီလို့ ဆိုပြန်ပါတယ်။ ဆရာဇော်ဂျီ မှတ်ချက်မှာတော့ ၁၉၂၅/၂၇ အထိ ရန်ကုန် ကမာရွတ်တက္ကသိုလ်တလျှောက် ဘတ်စ်ကားပြေးဆွဲနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ မြို့ထဲ ကျောင်းတက်ရတဲ့ ကျောင်းသားတွေအတွက် ဓာတ်ရထားလိုင်းကို အားကိုးရတယ်။ ကြည့်မြင်တိုင်ဘူတာအလွန်က ဟံသာဝတီဘူတာဆိုတာ ကျောင်းသားတွေအတွက် ထားပေးခဲ့တာ။ အဲ့ဒီအချိန်က တလျှောက်လုံး ဘတ်စ်ကားလိုင်းပြေးဆွဲတဲ့ လုပ်ငန်းရှင်တွေ အရှုံးရှိခဲ့တယ်လို့ မှတ်သားထားတာ မတွေ့ခဲ့မိပါဘူး။ ဒီလိုနဲ့ လွတ်လပ်ရေးခေတ်ထဲရောက်တော့ မြန်မာအမျိုးသား ဓနရှင်အကျိုးအတွက် အာအီးတီ နိုင်ငံခြားကုမ္ပဏီကို ဘတ်စ်ကားလိုင်းပြေးဆွဲခွင့် မပြုတော့ဘူး။ မြန်မာ့ ဘတ်စ်လိုင်းကတော့ လွတ်လပ်ရေးရပြီးစအထိ အကျိုးအမြတ်ကြီးကြီး ရနေတာကို တွေ့မြင်နေရဆဲပါပဲ။ ဣစိတံတို့ မင်းမဟော်တို့အပြင် ကားလိုင်များစွာ ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဘတ်စ်ကားတွေကတော့ စစ်သုံးကားအကျန်တွေကို လေလံဆွဲပြီး ပြေးဆွဲကြတာပါ။ မြန်မာအခေါ် ဗိုက်ပူကားတွေပေါ့။ ၁၉၄၉-၅၀ ရောက်တော့ ဘတ်စ်ကားလိုင်းအတွက် ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အတူ မော်တော်ယာဉ်ဗဟိုဌာနဆိုပြီး အစိုးရက အသင်းဖွဲ့ ကြီးကြပ် လုပ်ကိုင်လာပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး ဘတ်စ်ကားလိုင်းဟာ အရှုံးပေါ်လာတော့တာပါပဲ။ တချို့လေ့လာသုံးသပ်သူတွေကတော့ မြန်မာတွေဟာ အသင်းအဖွဲ့နဲ့ မလုပ်တတ်တဲ့ သဘောလို့ မြင်ကြပါတယ်။ အသင်းအဖွဲ့ဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းတာလည်း ဖြစ်နိုင်သလို အစုအပေါင်း ဖြစ်သွားတဲ့အခါ ကိုယ်ပိုင်လုပ်ငန်းလောက် ဝိရိယ မစိုက်တော့တာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ မြို့တော်ဘတ်စ်ကားလိုင်း ပြေးဆွဲတဲ့လုပ်ငန်းဟာ အလွန်ကြီးတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်တယ်။ စနစ်တကျ လုပ်ကိုင်တတ်ရင် စီးပွားရေးအရ အကျိုးအမြတ် အလွန်ကြီးတဲ့ လုပ်ငန်းတခုပါ။ တခုတော့ရှိရဲ့ လုပ်ငန်းလုပ်ဖော်ကိုင်ဘက်အချင်းချင်း သစ္စာရှိဖို့၊ ယိုပေါက် ဟာပေါက်ကို စနစ်တကျ ပိတ်ဆို့တတ်ဖို့၊ စီမံခန့်ခွဲတတ်ဖို့တော့ လိုမှာပါ။ ၁၉၅၈ ခုနှစ်ထဲရောက်တော့ ဘတ်စ်ကားလိုင်းတွေ များပြားလွန်းတဲ့အတွက် တံဆိပ်တွေဟာ ရောထွေးလာတာကြောင့် တံဆိပ်တွေအစား ဂဏန်းနံပါတ်တွေ အစားထိုးလာခဲ့ပါတော့တယ်။ ဥပမာ တောင်ပံတံဆိပ်ကို နံပါတ် ၈၊ လေယာဉ်ပျံတံဆိပ်ကို နံပါတ် ၉ စသဖြင့် အမည်ပေးလာတယ်။ စပြေးတဲ့နေ့ကနေ ၁၉၆၂ အထိကတော့ ကားအားလုံးဟာ လက်ဝဲဘက်ကပ်မောင်းတဲ့ စနစ်ပါ။ ဗိုလ်နေဝင်းလက်ထက်ရောက်တော့ လက်ဝဲကြောက်ရောဂါနဲ့အတူ ကမ္ဘာမှာမရှိသေးတဲ့ လက်ျာကပ်မောင်းစနစ် ဖြစ်ခဲ့တာ။ ကားပေါ်မှာ ဘော်ဒါ (စပယ်ယာ) မပါခဲ့ဘူး။ အမျိုးသမီး လက်မှတ်ရောင်းတွေတောင် ထားလိုက်သေးတယ်။ ဖဆပလကာလမှာ ငြိမ်းချမ်းရေးမော်တော်ယာဉ်အသင်းလည်း ဖွဲ့လိုက်သေးတယ်။ တော်လှန်ရေးကောင်စီတက်ပြီးချိန် ၁၉၆၃ ခုနှစ်မှာတော့ မော်တော်ယာဉ် ဗဟိုကောင်စီနေရာမှာ ပြည်သူ့မော်တော်ယဉ်အသင်းဆိုတာ ပေါ်လာသေးတယ်။ နောက်တော့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးနဲ့ သယ်ယူပို့ဆောင်ရေး (မထသ) ဆိုတာ ပေါ်လာတယ်။ ခေါင်းစဉ်တွေ ဘယ်လိုပြောင်းလာလာ ရန်ကုန်ဘတ်စ်ကားလိုင်းကတော့ ဒုံရင်းပါပဲ။ ဘာမှ ထူးမလာခဲ့ပါဘူး။ အရင်ကလိုပဲ ခရီးသည်နဲ့ ယာဉ်နောက်လိုက်တို့ရဲ့ မချေငံတဲ့ ဆက်ဆံရေးကတော့ ရှိနေဆဲပါ။ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးမှာ ယိုပေါက်များစွာနဲ့ အရှုံးပေါ်မြဲပါပဲ။ မထသဆိုတာ စစ်တပ်က အသွင်ပြောင်းလာတဲ့ နှစ်သီးစားတို့ရဲ့ ငွေတွင်းကြီး ဖြစ်နေခဲ့ပါတော့တယ်။ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကြီး ပြီးတော့ ဦးပိုင်ကြီးစိုးတဲ့ခေတ်မှာလည်း မထသဆိုတာ နာမည်ဆိုးနဲ့ ကျော်ကြားမြဲ ကျော်ကြားနေဆဲပါပဲ။ ပိုပြီး ထင်တိုင်းကျဲလာတယ်။ စစ်ဗိုလ်တွေ ကြီးစိုးတာမို့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေဟာ ခရီးသည်တွေကို မထေမဲ့မြင်လုပ်မှုက အရင်ကထက် ပိုဆိုးလာခဲ့တယ်။ မကြာခဏ ခရီးသည်နဲ့ ယာဉ်မောင်းတို့ ပဋိပက္ခဟာ ပိုကြီးထွားလာခဲ့တယ်။ ကားပိုင်ရှင်တွေကလည်း သူတို့အိပ်ထဲ ငွေတွေလှိမ့်ဝင်လာရေးအတွက် ယာဉ်မောင်း ယာဉ်နောက်လိုက်တွေကို အကာကွယ်ပေးလာတယ်။ အဲ့ဒီကာလတွေဟာ ခရီးသည်တွေ အားကိုးရာအမဲ့ဆုံး အချိန်တခု ဖြစ်ခဲ့တယ်။ နောက်ဆုံး ရပ်ကွက်ကလူတွေစုပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ကာကွယ်ရမယ့် အနေအထားထိ ဖြစ်လာခဲ့တယ်။ ဒီလိုသာဖြစ်ပေမယ့် ဦးပိုင်ဗိုလ်တွေအိပ်ထဲမှာတော့ ငွေတွေစုဝင်လာခဲ့ပြီး မထသကတော့ အရှုံးပေါ်မြဲ ပေါ်နေဆဲ ဖြစ်နေတယ်။ ဒီလိုနဲ့ ဒီဘက်ခေတ်မှာ YBS ဆိုတာကြီး ပေါ်လာခဲ့တယ်။ အစပိုင်းတလျှောက်လုံး လူထုပါဝင်မှု အားကောင်းခဲ့တယ်။ ယာဉ်နောက်လိုက်တွေမပါတော့ ခရီးသည်တွေ စိတ်ချမ်းသာရတယ်။ ကျသင့်တဲ့ကားခအတွက် ပေးတဲ့အလေ့အထတခု လူထုဘက်က ထိန်းသိမ်းလာတယ်။ ပုံမှန်ပေးတာတွေ မြင်တွေ့နေရတယ်။ ဒါပေမယ့် ယာဉ်လိုင်းတချို့ကတော့ အရင်လို ယာဉ်နောက်လိုက်ရှိမြဲ ရှိနေဆဲပါ။ ခရီးစဉ်ကို ဆစ်ပိုင်းပြီး ငွေပိုတောင်းမြဲ တောင်းနေတာကိုလည်း တွေ့နေရပါသေးတယ်။ ဘတ်စ်ကားလိုင်းတခု အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာကို ဘာနဲ့တိုင်းတာမလဲ။ ပထမအချက် ခရီးသည်တွေ ခရီးစဉ်တလျှောက် စိတ်ချလုံခြုံစွာ သက်သောင့်သက်သာ ခရီးသွားနိုင်ရေးနဲ့ တိုင်းတာပါတယ်။ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းတွေကို ဘယ်လောက် ထိန်းသိမ်းနိုင်သလဲ ဆိုတာလည်း ကြည့်ကြရပါတယ်။ တတိယအချက်ကတော့ သင့်တင့်တဲ့ အကျိုးအမြတ် ရရှိရေးတို့ပါပဲ။ YBS ဟာ ပရဟိတလုပ်ငန်းတခု မဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းတခုသာ ဖြစ်တယ်။ အကျိုးအမြတ် သင့်တင့်မျှတစွာ ရရှိဖို့လိုတယ်။ ဒါပေမယ့် မော်တော်ယာဉ်လိုင်းကို အစိုးရက ကိုင်တွယ်တိုင်း ဘာလို့ အရှုံးပေါ်နေရသလဲဆိုတာ စဉ်းစားကြည့်ဖို့လိုပါမယ်။ ဖဆပလခေတ်က မော်တော်ယာဉ်လိုင်းတွေက မြူနီစီပယ်အောက်မှာ ထားခဲ့တာ။ မြူလူကြီးရွေးပွဲဆို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တာ။ ပါတီအသီးသီး သူ့လူကိုယ့်လူ ပြိုင်ကြတာ။ တိုတိုပြောရရင် မြူလူကြီး (သို့) မြို့တော်ဝန်ဆိုတာက ပါတီရန်ပုံငွေကို မြူအဖွဲ့အောက်ရှိ ဌာန ၂၀ ကျော်က ရှာပေးခဲ့ရတာ။ အခုခေတ်တော့ ဝန်ကြီးချုပ်ဖြစ်မယ်ထင်တယ်။ ဒီတော့ အဂတိလမ်းဖွင့်ပေးလိုက်သလိုပါပဲ။ အစိုးရအဆက်ဆက် ဒီလိုပဲလုပ်ခဲ့ကြတာလို့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်တွေ ပြောတာကို ကြားနားခဲ့ရဖူးပါတယ်။ ဒါကြောင့် မြူနီစီပယ် (စည်ပင်သာယာ) ကို ခြတောင်ဘို့တခုလို တင်စားခဲ့ကြတာ။ အခုတော့ YBS အရှုံးပေါ်နေတာဟာ ခြတောင်ဘို့သာမက ခြတောင်ကုန်းများ ဖြစ်နေပြီလားဆိုတာ စဉ်းစားစရာပင် ဖြစ်နေပါတော့တယ်။ ဆရာဋ္ဌေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up