ဂျူဗင်တပ်ကွင်းလယ်လူ ဒေါက်ဂလပ်ကော်စတာ ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

881
ဂျူဗင်တပ် ကွင်းလယ်ကစားသမား ဒေါက်ဂလပ်ကော်စတာဟာ ပြိုင်ဘက် ကစားသမားကို တံတွေးနဲ့ထွေးခဲ့လို့ လေးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရပါတယ်။
ကော်စတာဟာ ဂျူဗင်တပ်က ဆက်ဆူအိုလိုအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီး ပြိုင်ဘက်ကစားသမား ဖရန်ဆက်စ်ကိုနဲ့ တွန်းထိုးရင်း တံတွေးနဲ့ ထွေးခဲ့တာပါ။
ဒီဖြစ်ရပ်ကြောင့် ဒိုင်လူကြီးက အဝါကတ်ပဲ ပြသခဲ့ပေမယ့် နောက်ပိုင်းမှာ VAR စနစ်ကို ပြန်ကြည့်ပြီး အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ သူ့ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ဂျူဗင်တပ်ပရိသတ်တွေနဲ့ အသင်းဖော်တွေကို တောင်းပန်ကြောင်း ကော်စတာက သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ကော်စတာကို လူမျိုးရေးခွဲခြားမှု ပြုလုပ်တာကြောင့် တံတွေးနဲ့ထွေးခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဖရန်ဆက်စ်ကိုဘက်ကတော့ အတိအလင်း ငြင်းဆန်ခဲ့ပါတယ်။
ကော်စတာအနေနဲ့ လေးပွဲပယ်ပြစ်ဒဏ်ကြောင့် ဖရိုဆီနိုနီ၊ ဘိုလော့ဂ်နာ၊ နာပိုလီ၊ အူဒီးနိစ် အသင်းတွေနဲ့ ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။