Home
မြန်မာသတင်း
မြန်မာရေဘေးဒုက္ခသည်များ မဲဆောက်ဘုန်းကြီးကျောင်းတွင် ခိုလှုံ
DVB
·
August 13, 2012
မြ၀တီမြို့အနိမ့်ပိုင်းနဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား သောင်ရင်းမြစ် ရေလည်ကျွန်းပေါ် က မြန်မာနိုင်ငံသား ရေဘေး ဒုက္ခသည်တွေ မဲဆောက် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရပါတယ်။ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွားသွန်ပြီး သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြ၀တီမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၁ နဲ့ ၂၊ မဲဆောက်ဘက်ခြမ်း အနိမ့်ပိုင်း ရပ်ကွက်တွေ နဲ့ သောင်ရင်းမြစ် က ရေလည်ကျွန်းလည်း ရေနစ်မြုပ် သွားတဲ့အတွက် ထိုင်းဘက်ခြမ်း မဲဆောက်ကမ်းနားက ဘုန်းတော်ကြီး ကျောင်းမှာ လာရောက်ခိုလှုံနေကြတာပါ။ ရေကြီးမှုကြောင့် ဆုံးရှုံးမှုအခြေအနေနဲ့ အခက်အခဲဖြစ်ရပုံကို မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက အခုလိုပြောပါတယ်။ “ဆုံးရှုံးမှုကတော့ အိမ်တွေ အလုံးလိုက်မျောပါသွားတယ်။ နောက်ပြီး အိမ်မှာ ရှိတဲ့ ပစ္စည်းတွေကို မသယ်နိုင်ဘူး။ ရေတွေက တအားထိုးတက်လာတော့ လူအလွတ်ပြေးရတဲ့အခါကျတော့ အိမ်က ပစ္စည်းတွေကတော့ အကုန်ဆုံးပေါ့။ လူတွေလဲ အတော်အခက်အခဲဖြစ်တယ်။ နောက်ထပ် ရေတွေကျသွားပြီးရင်တောင် အိုးအိမ်တွေ ပြန်ပြီးတည်ဆောက်ဖို့ စားအိုးစားခွက် ဘာညာပြန်ဝယ်ဖို့ ဆိုတာကတော့ တော်တော်ခက်ခဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က ရွှေ့ပြောင်း အလုပ်သမားတွေပါ။ ကိုယ့်နိုင်ငံမှာ စားဖို့သောက်ဖို့ အဆင်မပြေလို့ ဒီကို ပြောင်းရွှေ့ပြီးတော့ ကြုံရာ အလုပ်၊ အောက်ခြေ လူတန်းစားအလုပ်ပေါ့လေ၊ ရတဲ့အလုပ်လေးနဲ့ မိသားစု စားဝတ်နေရေးအတွက် အသက်ဆက်ဖို့ ရပ်တည်ရတာပါ။ ကြီးပွားချမ်းသာဖို့တော့ မရှိပါဘူး။” ဘုန်းတော်ကြီးကျောင်းကို မရောက်လာဘဲ မဲဆောက်ထဲက နီးစပ်ရာအိမ်တွေမှာ ခိုလှုံနေသူ မြန်မာရေဘေး ဒုက္ခသည်တွေ ၁၀၀ ကျော် ရှိတယ်လို့လည်း ပြောပါတယ်။ ဒီရက်ပိုင်း မိုးဆက်တိုက်ရွာနေပြီး မဲဆောက်ရေကာတာက ရေကို ဆက်မထိန်းနိုင်တော့ဘဲ ဖောက်ချခဲ့တာကြောင့် လည်း ရေကြီးမှုတွေ တိုးခဲ့ရတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။ အခုလက်ရှိ ခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်းမှာတော့ မိသားစုပေါင်း ၇၀ လောက် ရောက်ရှိနေပြီး နေစရာ ရရှိနေပေမယ့် ကျန်းမာရေး နဲ့ စားသောက်ရေး အခက်အခဲ တွေ့နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024