ဘိုကလေးအချုပ်ခန်း ဖောက်ပြေးသည့်တရားခံ လှိုင်သာယာတွင် ပြန်ဖမ်းမိ
DVB
·
September 19, 2018
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မရဲစခန်းအချုပ်ခန်းကို ဖောက်ပြေးတဲ့ တရားခံ ၃ ဦးထဲက လွတ်မြောက်နေတဲ့ တရားခံ ၁ ဦးကို ရန်ကုန်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဘိုကလေးမြို့မရဲစခန်းမှာ စက်တင်ဘာ ၁၈ ရက်မနက် ၃ နာရီခွဲ လောက်က အချုပ်ခန်း သစ်သားတိုင်ကို သံဖြတ်လွှနဲ့ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား ၃ ဦးအနက် ၂ ဦးကို ပြန်လည် ဖမ်းဆီးရမိပြီး လွတ်မြောက်နေသူကို စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ပြန်လည်ဖမ်းဆီး ရမိခဲ့တာပါ။
လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က လှိုင်သာယာမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ အနော်ရထာလမ်း၊ သမကုန်းအ၀ိုင်းအနီးမှာ မသင်္ကာအမျိုးသားတဦးကိုတွေ့ရှိ စစ်ဆေးရာကနေ ဘိုကလေးမြို့မရဲစခန်းမှ အချုပ်ဖောက် ထွက်ပြေးလာတဲ့ ဘိုကလေးမြို့နယ်နေသူ လှနိုင်ဦး၊ (၃၃)နှစ် ဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့ တရားခံ လှနိုင်ဦးကို ဥပဒေအရ ဆက်လက် ဆောင်ရွက်နိုင်ဖို့ ဧရာဝတီတိုင်း ဖျာပုံခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။။