Home
မြန်မာသတင်း
မောင်တောတွင် ကျောင်း ၇ ကျောင်း စဖွင့်
ရွှေအောင်
·
August 13, 2012
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ပဋိပက္ခဖြစ်ပွားမှုကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေထဲက ကျောင်း ၇ ကျောင်းကို ဒီနေ့ စဖွင့်တယ်လို့ ပြည်နယ်ပြန်ကြားရေးအဖွဲ့ဝင် ဦးမျိုးသန့်က ပြောပါတယ်။ “လောလောဆယ်တော့ အထက်တန်း ၁ ကျောင်း၊ အလယ်တန်း ၂ ကျောင်း၊ မူလတန်း ၄ ကျောင်း၊ စုစုပေါင်း ၇ ကျောင်းပေါ့။ လက်ရှိအခြေအနေအရ ကျောင်းတက်မယ့် ကျောင်းသားရော၊ ဆရာ၊ ဆရာမရော သွားရေးလာရေး အဆင်ပြေမယ့်နေရာတွေ အရင်ဆုံးဖွင့်တဲ့ သဘောဖြစ်မှာပါ။ ကျန်တဲ့ ကျောင်းတွေလည်း ဆက်ပြီး တဖြည်းတဖြည်း အကုန်လုံးဖွင့်သွားဖို့ စီစဉ်နေပါတယ်။” မောင်တောမြို့နယ်ထဲ အခြေခံပညာကျောင်းပေါင်း ၁၆၀ လောက် ရှိပါတယ်။ အခုဖွင့်လိုက်တဲ့ ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေနဲ့ မိဘတွေပါဝင်တဲ့ အဖွဲ့က ကျောင်းတွင်း လုံခြုံရေးတာဝန်ယူထားပြီး ကျောင်းပြင်ပလုံခြုံရေးကိုတော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေက တာဝန်ယူထားကြပါတယ်။ ကျောင်းပြန်ဖွင့်ပေမယ့် ကျောင်းတက်တဲ့ကျောင်းသား မရှိသလောက်ပဲလို့ မောင်တောမြို့ခံတဦးက ခုလို ပြောပါတယ်။ “ဆရာမတွေက ကျောင်းတက်ကြတယ်။ ကလေးတွေ ကျောင်းမသွားကြဘူး။ မိဘတွေက စိတ်မချဘူး ၊ ကျောင်းက ကျောင်းသားတွေ မတက်သလောက်ပဲ။ ဆရာ၊ ဆရာမတွေလောက်ပဲ တက်ကြတယ်။” ရခိုင်ပြည်နယ်ထဲ  အကြမ်းဖက်မှုတွေ ဇွန်လတုန်းက ဖြစ်ပွားခဲ့ပြီးတဲ့နောက် ၂ လကျော်အကြာမှာ မောင်တော က ကျောင်းတချို့ ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024