လီဗာပူးက ပီအက်စ်ဂျီကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု စီ အဖွင့်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ပီအက်စ်ဂျီတို့ မနေ့ညက ယှဉ်ပြိုင်ရာ လီဗာပူးက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဖာမီနိုကို အရန်အနေနဲ့ပဲ အသုံးပြုခဲ့ပြီး စတာရစ်ခ်ျကို ဆာလက်၊ မာနေးတို့နဲ့တွဲကာ ပွဲထုတ်ခဲ့ပြီး ကျန် အဓိက ကစားသမား အစုံအလင် ပါဝင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းမှာလည်း နေမာ၊ ကာဗာနီ၊ အမ်ဘာပီ၊ ဒီမာရီယာ စတဲ့ အဓိက ကစားသမားတွေ အစုံအလင် ပါဝင်ခဲ့တာပါ။ ရာသီအစ ပရီးမီးယားလိဂ် အဖွင့် ၅ ပွဲစလုံး အနိုင်ရအောင် စွမ်းဆောင်ထားနိုင်တဲ့ လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ ပီအက်စ်ဂျီအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် အဖွင့်ဂိုးကို ပွဲချိန် မိနစ် ၃၀ မှာ တိုက်စစ်မှူး စတာရစ်ခ်ျက သွင်းယူပေးခဲ့သလို ၃၆ မိနစ်မှာလည်း မီလ်နာက ပယ်နယ်တီကတဆင့် တဂိုး ထပ်သွင်းပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာ မူနီယေးက ပီအက်စ်ဂျီအတွက် တဂိုး ပြန်ချေပခဲ့လို့ ပထမပိုင်းအပြီးမှာ လီဗာပူးက ၂ ဂိုး ၁​ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်သင်း အပြန်အလှန် ကစားပြီး ပွဲချိန် ၈၃ မိနစ်မှာ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပီက ချေပဂိုးတဂိုး သွင်းယူပေးခဲ့လို့ နှစ်ဂိုးစီ သရေကျမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ လီဗာပူးအတွက် လူစားဝင်တိုက်စစ်မှူး ဖာမီနိုက အနိုင်ဂိုးသွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ လီဗာပူးက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ မနေ့ညကပဲ ယှဉ်ပြိုင်တဲ့ အုပ်စု စီ တခြားပွဲစဉ်ဖြစ်တဲ့ ဇဗက်ဒါနဲ့ နာပိုလီတို့ ပွဲမှာတော့ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေ ကျသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up