ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းများကို အရေးယူတော့မည်ဟု အစိုးရသတိပေး
ပိုင်စိုး
·
September 18, 2018
ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (MLM) ကိုတားမြစ်ကြောင်းနဲ့ လုပ်ကိုင်ရင် အရေးယူမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးထုတ်ပြန်တာလို့ စားသုံးသူရေးရာ ဦးစီးဌာနက ဖော်ပြထားပါတယ်။
ဒီအမိန့်ကြော်ငြာစာ ထုတ်ပြန်တဲ့နေ့ကစလို့ အာဏာတည်မှာဖြစ်ပြီး တားမြစ်ထားတဲ့ ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (MLM) လုပ်ကိုင်နေတာကို စုံစမ်းတွေ့ရှိရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူမယ်လို့ ဆိုပါတယ်။
ဒီစနစ်နဲ့ ကုန်ပစ္စည်းရောင်းချနေတဲ့ကုမ္ပဏီတွေဟာ တရားဝင်မှတ်ပုံတင်ထားတာ၊ အက်ဖ်ဒီအေ လက်မှတ်ရရှိထားတာတွေ ရှိပေမယ့် စနစ်ကို အရေးယူမှာဖြစ်တယ်လို့ စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။