ရွှေဈေးကျပ် ၁၀ သိန်းကျော်ထိ စံချိန်တင်မြင့်တက်

1.4K
မြန်မာပြည်တွင်း ရွှေအရောင်းအ၀ယ်ဈေးကွက်မှာ ဒီကနေ့ ရွှေဈေးနှုန်းဟာ တခါမှ မဖြစ်ခဲ့ဘူးတဲ့ ၁ကျပ်သားကို ကျပ် ၁၀ သိန်းကျော်ထိ အမြင့်ဆုံး စံချိန်တင်ရောက်ရှိသွားပါတယ်။
ဒီမနက်ပိုင်းကပဲ ကျပ် ၁၀ သိန်းဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပြီး နည်းနည်း ပြန်ကျခဲ့ပေမယ့် အခု ညနေပိုင်းမှာတော့ တကျပ်သားကို ကျပ် ၁,၀၀၇,၀၀၀ ကျော် ဖြစ်နေတာပါ။
အောင်သမာဓိရွှေဆိုင် တာဝန်ခံတယောက်က “အပြင်မှာတော့ အခု ၁,၀၀၇,၁၀၀၊ ၁,၀၀၇,၂၀၀ ဖြစ်နေပါတယ်။ တကယ်ရွှေယူလာပြီးရောင်းရင်တော့ ဒီလောက်တော့ မရဘူးပေါ့လေ။ မနက်ကတော့ ၉,၉၈,၀၀၀ နဲ့ ဖွင့်ပါတယ်” လို့ ပြောပါတယ်။
ဒါဟာ သမိုင်းတလျှောက် အမြင့်ဆုံးဈေးဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။
“ရွှေတခေတ်မှတော့ အမြင့်ဆုံးပါပဲ။ တခါမှ မဖြစ်ဖူးပါဘူး။ ကမ္ဘာ့ရွှေဈေးကတော့ မတက်ပါဘူး။ ၁၁၉၈၊ ၁၁၉၉ လောက်ပဲ ရှိပါတယ်။ ဒေါ်လာဈေးတက်လို့ တက်တာပါ” လို့ ပြောပါတယ်။
ဒီနေ့ ဘဏ်တွေမှာ အမေရိကန်ဒေါ်လာပေါက်ဈေးကတော့ ၁၅၈၀ ဝန်းကျင်ဖြစ်ပါတယ်။