ဆီးရီးယား အစ်ဒလစ်ပြည်နယ်အတွင်း စစ်မဲ့ဇုန်ဖန်တီးရန် ရုရှားနှင့် တူရကီ သဘောတူ

ဓာတ်ပုံ - Reuters
ဆီးရီယားနိုင်ငံ အစ်ဒလစ်ပြည်နယ်အတွင်း စစ်မဲ့ဇုန်ဖန်တီးဖို့ ရုရှားနဲ့ တူရကီတို့ သဘောတူခဲ့ကြပါတယ်။ ရုရှားနိုင်ငံ ဆိုချီမြို့မှာ စက်တင်ဘာ ၁၇ ရက်နေ့က ရုရှားသမ္မတ ပူတင်နဲ့ တူရကီသမ္မတ တေယစ်အာဒိုဂန်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ “အက်စ်တာနာ သဘောတူညီချက်အ အစ်ဒလစ်ပြည်နယ် အရေးကိစ္စကို ဖြေရှင်းဖို့ ကျနော်တို့ မစ္စတာပူတင်နဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒီသဘောတူညီမှုအရ အစ်ဒလစ်ပြည်နယ်မှာ အတိုက်အခံနဲ့ အစိုးရတပ် ထိန်းချုပ်ရာ နေရာနှစ်ခုကြားမှာ စစ်မဲ့ဇုန်တခု တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ တူရကီသမ္မတ တေယစ်အာဒိုဂန်က ပြောပါတယ်။ ဆက်လက်ပြီး သူက “ဒီလိုလုပ်ခြင်းအားဖြင့် တတိယအဖွဲ့အစည်းတွေရဲ့ ထောက်လှမ်းမှုနဲ့ ရန်စမှုကို ကြိုတင်ကာကွယ်နိုင်သလို သဘောတူညီချက် ချိုးဖောက်တာကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်နဲ့အတူ ရုရှားနဲ့ တူရကီတို့ဟာ စစ်မဲ့ဇုန်ရဲ့ နှစ်ဖက်နယ်စပ်မှာ ပူးတွဲကင်းလှည့်မှာ ဖြစ်တယ်” လို့လည်း ပြောပါတယ်။ “ဆီးရီးယားရဲ့ နယ်မြေအချုပ်အခြာနဲ့ တူရကီရဲ့ အမျိုးသားညီညွတ်မှုကို အဓိက ခြိမ်းခြောက်နေတဲ့ အရာဟာ YPG/PYD သူပုန်အဖွဲ့ပဲ ဖြစ်ပါတယ်။ ယူဖရေးတီးမြစ် အရှေ့ခြမ်းမှာ သူတို့ကျူးလွန်ခဲ့တဲ့ အစုလိုက်နဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေဟာ သက်သေပြစရာ မလိုအောင် ရှင်းလွန်းပါတယ်။ ဆီးရီးယား အနာဂတ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုဟာ အစ်ဒလစ်ပြည်နယ်ထက် ယူဖရေးတီးမြစ် အရှေ့ခြမ်းက အကြမ်းဖက်အဖွဲ့တွေက လာတာဖြစ်ပါတယ်” လို့လည်း အာဒိုဂန်က ဆိုပါတယ်။ အဲဒီစစ်မဲ့ဇုန်ဟာ ၁၅ ကီလိုမီတာနဲ့ ၂၅ ကီလိုမီတာကြား အကျယ်အဝန်းရှိပြီး လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ စတင်အသက်ဝင်မှာ ဖြစ်တယ်လို့လည်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up