စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးကျင်းပရန် ရွှေဝါရောင်သံဃာတော်များတောင်းဆို
DVB
·
September 18, 2018
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးရေးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးကျင်းပပေးရေးအတွက် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၁၁ နှစ်မြောက် အခမ်းအနားမှာ ရွှေဝါရောင်ဦးဆောင်ဆရာတော်တွေက တောင်းဆိုလိုက်ပါတယ်။
တိုင်းပြည်ရဲ့အခြေအနေအရပ်ရပ်ဟာ လမ်းဆုံလမ်းခွကို ရောက်ရှိနေတဲ့အတွက် လမ်းမှန်ကို ရောက်ရှိဖို့နဲ့ အခြေအနေကို ပြောင်းလဲနိုင်ဖို့ စစ်မှန်တဲ့ စေ့စပ်ညှိနှိုင်း အဖြေရှာတဲ့နည်း ဒါမှမဟုတ် လူထုပါဝင်တဲ့နည်းကလွဲလို့ တခြားနည်းမရှိတာကြောင့် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို အမြန်ကျင်းပဖို့ တောင်းဆိုရတာလို့ ရွှေဝါရောင် ဦးဆောင်ဆရာ တော်တွေကမိန့်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၁၁ နှစ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ ဓမ္မပိယကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်ရာမှာ ဘာသာရေးခေါင်းဆောင်တွေလည်း တက်ရောက်ပြီး ရွှေဝါရောင်တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူတွေအတွက် ဆုတောင်း မေတ္တာပို့ပေးခဲ့ကြပါတယ်။
ရွှေဝါရောင်တော်လှန်ရေးကြောင့် မြန်မာ့နိုင်ငံရေးဟာ အလှည့်အပြောင်းဖြစ်ခဲ့ရတယ်လို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက မှတ်ချက်ပြုထည့်သွင်းပြော သွားပါတယ်။
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၁၁ နှစ်မြောက် အခမ်းအနားကနေ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သမ္မတရုံးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေထံ ကိုလည်း အိပ်ဖွင့်ပေးစာပေးပို့သွားမယ်လို့ ရွှေဝါရောင်ဆရာတော် ဦးစန္ဒာသိရီက မိန့်ကြားပါ တယ်။