DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် ၈၈ မျိုးဆက်ကျောင်းသားများ ဆွေးနွေး
DVB
·
August 12, 2012
Donate to DVB

ကေအန်ယူနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ၃၃ စု ကျေးရွာမှာ ဩဂုတ် ၁၂ ရက်နေ့က ကျင်းပတဲ့ ၆၂ နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ပွဲကို ကေအန်အယ်လ်အေ တပ်မဟာ ၆ ရဲ့ ဖိတ်ကြားမှုအရ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က တက်ရောက်ခဲ့ပြီးနောက် ကေအန်ယူ ဗဟို ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုဌေးကြွယ်က ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုလေးတွေ၊ ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ ကေအန်ယူနဲ့ အစိုးရဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အကြားမှာ ဘယ်လို ပါဝင်ဆောင်ရွက်မလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။”

ကေအန်ယူ ခေါင်းဆောင်တွေကလည်း ၈၈ မျိုးဆက်ကျောင်းသားတွေကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။

ကေအန်ယူအနေနဲ့ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးမျိုးကို လိုလားတယ်လို့ ကရင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့မှုအပေါ်ကို အခုလို သုံးသပ်ပါတယ်။

“ကေအန်ယူအနေနဲ့ကတော့ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးကို အားလုံး လိုချင်နေကြတာ အမှန်ပါပဲ။ အခုလက်ရှိ ဆွေးနွေးမှုတွေကြားထဲမှာ အပစ်အခတ် ရပ်စဲရေးကိစ္စက စလို့ပေါ့လေ။ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားနိုင်ဖို့ကို အားလုံးဝိုင်းပြီးတော့ ပံ့ပိုးနိုင်ဖို့ ဆွေးနွေးကြခြင်းပါ။ ကေအန်ယူရော၊ မြင်တွေ့ရသမျှ တိုင်းရင်းသားအားလုံးကတော့ ငြိမ်းချမ်းရေးကို အားလုံးလိုလားကြပါတယ်။”
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ ကယားပြည်နယ်က ကယန်းပြည်သစ်ပါတီနဲ့လည်း တွေ့ဆုံခဲ့ကြသလို တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် ကေအိုင်အေ ဌာနချုပ် လိုင်ဇာကိုလည်း ငြိမ်းချမ်းရေးဆွေးနွေပွဲအတွက် သွားရောက်ခဲ့ပါတယ်။ ကရင်ပြည်နယ်ကိုတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ ကေအန်ယူခေါင်းဆောင်တွေနဲ့လည်း ပထမဦးဆုံး တွေ့ဆုံတဲ့ခရီးလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013