Home
မြန်မာသတင်း
ဘွက်ကြီးရေလှောင်တမံ တာဘောင်နိမ့်ကျလာ၍ ရွာသားများရွှေ့ပြောင်း
ပိုင်စိုး
·
September 18, 2018
42044479_10213477090423793_4132593145386893312_n
42085517_10213477090703800_7569334093410729984_n
42059578_10213477089663774_4764832461869809664_n
42058809_10213477092063834_4886100210637340672_n
မကွေးတိုင်းဒေသကြီး၊  အောင်လံမြို့နယ်ထဲက ဘွက်ကြီးရေလှောင်တမံ တာဘောင်မှာ မြေတွေ ထပ်နိမ့်လာလို့ အနီးနားမှာ ရှိတဲ့ ဒေသခံ ရွာသားတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင် နေကြရပါတယ်။ စက်တင်ဘာလဆန်း ၃ရက်လောက်ကတည်းက  တာဘောင်ရဲ့ အလယ်လောက်မှာ အလျားက ပေ ၁၅၀ လောက်၊ အနံက ပေ ၃၀ လောက်က အနက် ၃ ပေလောက် နိမ့်ကျသွားပြီး ကလိုင်ပေါက်တွေ ဖြစ်ခဲ့တာပါ။ အဲဒီနိမ့်သွားတဲ့ နေရာကို ရေမဝင်အောင်နဲ့ ရေအိုင်မဖြစ်အောင် ဝါးနဲ့ ငြမ်းဆင်ပြီး ထရံလိပ်ပေါ် မိုးကာတွေ တင်ထားသလို အပေါ်က ဆင်းလာမယ့် ရေစီးကို လမ်းကြောင်းလွှဲဖို့ အတွက် ဆည်မြောင်းဌာနက သဲအိတ်တွေလည်း ကာထားပေးပါတယ်။ အောင်လံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအေးကျော်က “အခု ထပ်ပြီး မြေနိမ့် လာတာ ၂ ရက်လောက်ရှိပြီ။ အရင်နေရာရဲ့ အထက်မှာ ပေ ၁၀၀ လောက်အရှည်၊ အနက် ၁ ပေခွဲလောက် နိမ့်သွားတာပါ။ မနေ့ကတော့ တိုင်းအဆင့် ဆည်မြောင်း တာဝန်ရှိသူတွေက စက်ကြီးတွေနဲ့ လာပြီး ပြုပြင်ပါတယ်။ သူတို့က စိုးရိမ်စရာ မရှိဘူး ပြောမယ့် အနားက ရွာသားတွေကတော့ တခြား လွတ်ရာမှာ ပြောင်းရွှေ့နေကြတာပေါ့” လို့ ပြောပါတယ်။ ဆည်နဲ့အနီးဆုံးမှာ တံခွန်တိုင်နဲ့ မောင်းမလှုပ်ရွာ နှစ်ရွာရှိပြီး တာဘောင်နိမ့်ကျတဲ့ အောက်ဘက်မှာ ရွာ ဆယ်ရွာလောက်ရှိတယ်လို့ သိရပါတယ်။ သမ္ဗူလရွာသားဦးဝင်းကိုကိုက “အဓိက ကတော့ တံခွန်တိုင်ရွာကလူတွေ ပြောင်းကြ တယ်။ မောင်းမလှုပ်ရွာကတော့ သက်ကြီးရွယ်အိုတွေ ပြောင်းနေကြတယ်။ တခြားရွာကတွေ ကလည်း အခု အခြေအနေလာကြည့်နေကြပါတယ်” လို့ ပြောပါတယ်။ ဒီနေ့မှာလည်း တာဘောင်ဟာ မြေတပေလောက် ထပ်နိမ့်သွားတယ်လို့ သူက ပြောပါတယ်။ တံခွန်တိုင်ရွာသားတယောက်ကတော့ “အခု အိမ် ၂၅၀ ကျော် ပြောင်းသွားကြပါပြီ။ ရွာထဲမှာတော့ ၁၅ အိမ်လောက်ကျန်တယ်။ တမံအထက်ဘက်ကို ပြောင်းကြတယ်။ ရွာရဲ့ တောင်ဘက် အမြင့်ပိုင်းကို ပြောင်းကြတာပါ။ တဲတွေ ထိုးပြီး နေကြတယ်” လို့ ပြောပါတယ်။ ဘွက်ကြီးဆည်ဟာ ဒီနေ့မနက်မှာ ရေပိုလွှဲက ရေ ၁ ဒသမ ၂ ပေကျော်နေတယ်လို့ ဆည်မြောင်းဌာနက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - Than Soe
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024