ကျောက်မဲတွင် လက်ဖက်ခူးသွားသည့်မိသားစု မိုင်းနင်းမိ၍ ၅ ဦးဒဏ်ရာရ
နန်းမြနဒီ
·
September 18, 2018
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ ချုံးဟောင်းကျေးရွာက မိသားစု လက်ဖက်ခူးသွားရင်း မိုင်းနင်းမိလို့ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
ချုံးဟောင်းရွာက ဒေါ်အေးစံ (၅၇ နှစ်)၊ မောင်အေး (၃၀ နှစ်)၊ စိုင်းဖိုးဥာဏ် (၂၉ နှစ် )၊ စိုင်း ယွတ်လိုင်းဝမ်းနဲ့ မအေးယုံ (၁၉ နှစ်)တို့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက် ညနေ ၃ နာရီခွဲ လောက်က ခြံထဲက လက်ဖူးခူးပြီးအပြန် မိုင်းနင်းမိတာလို့ ဒဏ်ရာရလူနာတွေကို ဆေးရုံမှာ သွားကြည့်ခဲ့တဲ့ ကျောက်မဲမြို့နယ် ဇီဝိတဒါန လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်း က ပြောပါတယ်။
“လက်လုပ်ဗုံးနင်းမိတယ်လို့ ပြောပါတယ်။ ဗုံးစတွေမှန်တာက ၅ ယောက်၊ ကျောက်မဲ ဆေးရုံကို ရောက်လာတာက ၃ ယောက်၊ ကျန်တဲ့ ၂ ယောက်က ဒဏ်ရာမပြင်းတော့ မိုင်းငေါ့ဆေးရုံမှာဘဲ၊ ကျောက်မဲဆေးရုံကိုရောက်လာတာကတော့ မအေးယုံ၊ မောင်အေးနဲ့ စိုင်းဖိုးဉာဏ်ပေါ့။ ဒဏ်ရာက သူတို့ လက်တွေ၊ ခြေတွေ၊ ပေါင်၊ ကျောပြင်နဲ့ မျက်နှာတွေမှာ ဗုံးစတွေ မှန်တာပါ။ မနေ့က ဆေးရုံကို ကျနော်တို့ရောက်သွားတော့ မအေးယုံက ခွဲစိပ်ခန်း ၀င်နေတယ်။ အားလုံးအသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး။”
“လက်ဖက်ခြံသွားရင်း မိုင်းနင်းမိတာတွေရှိတဲ့အတွက် ရွာသားတွေအနေနဲ့ လုပ်ငန်းခွင် ဆင်းဖို့ အခက်အခဲရှိတယ်၊ တချို့ကတော့ မိုင်းတွေ ဘယ်နားရှိလဲမသိလို့ လက်ဖက်ခင်းကို မီးရှို့လိုက်ပြီး မိုင်းတွေပါပေါက်သွားမှ အဲဒီခြံထဲ ပြန်လုပ်ရဲတာမျိုးရှိတယ်၊ လက်နက်ကိုင်တွေ တဖွဲ့နဲ့တဖွဲ့ တိုက်ခိုက်မိုင်းထောင်ခြင်းအားဖြင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရ ဆင်းရဲတွင်းနက်သွားစေတယ်”လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။
ကျောက်မဲမြို့နယ်ဟာ တီအန်အယ်လ်အေ ပလောင်တပ်၊ မြန်မာ့တပ်မတော်၊ အာရ်စီ အက်စ်အက်စ် ရှမ်းတပ်တွေအကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားလေ့ရှိတဲ့ ဒေသဖြစ်ပါတယ်။