ရန်ကုန်မြို့ ရွိုင်ရယ်တည်းခိုခန်း လူသတ်မှု၊ အတူပါအမျိုးသမီးကို စုံစမ်းနေဆဲ
DVB
·
September 18, 2018
ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် တောင်လုံးပြန်ရပ်ကွက်ရှိ Royal တည်းခိုခန်းမှာ စက်တင်ဘာ ၁၆ ရက်က အမျိုးသားတဦးအသတ်ခံခဲ့ရပြီး အတူပါလာတဲ့ အမျိုးသမီးမှာ အခန်းတွင်း မရှိဘဲ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီ ၄၀ မိနစ်မှာ Royal တည်းခိုခန်း အခန်းအမှတ် ၁၀ မှာ သေဆုံးသူအမျိုးသားနဲ့ အမျိုးသမီး စုံတွဲတို့ ရောက်ရှိလာကာ အချိန်ပိုင်းငှားရမ်းခဲ့ပြီး မနက် ၉ နာရီ ၄၀ မိနစ်မှာ အတူပါအမျိုးသမီးမှာ တဦးတည်းပြန်လည်ထွက်သွားခဲ့ပြီး အခန်းငှားရမ်းချိန် ပြည့်တဲ့အတွက် မန်နေဂျာက အခန်းရှင်းဖို့သွားရောက်စဉ် အမျိုးသား(စိစစ်ဆဲ)မှာ သေဆုံးနေ တာကို တွေ့ရှိခဲ့တာပါ။
အသက် ၄၀ နှစ်အရွယ် အမျိုးသားမှာ အိပ်ယာခုတင်ပေါ်မှာ ဝမ်းဗိုက်အထက်နဲ့ ကျောယာဘက်ထိုးသွင်းဒဏ်ရာ ၁ ချက်စီရရှိပြီး သေဆုံးနေတာကို တွေ့ရှိတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံ(စိစစ်ဆဲ)ကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ) ၄၉၀/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။