တက္ကသိုလ် ၁၁ ခုက ၀င်ခွင့်ရကျောင်းသားကျောင်းသူများ စာရင်းထုတ်ပြန်

၂၀၁၇-၁၈ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်ခွင့်ကို တိုက်ရိုက်ခေါ်ယူခွင့်ရရှိထားတဲ့ တက္ကသိုလ် ၁၁ ခုက တက္ကသိုလ်ဝင်ခွင့်ရရှိသူတွေရဲ့ စာရင်းတွေကို စက်တင်ဘာ ၁၇ နေ့က စတင်ကြေညာပါတယ်။ တက္ကသိုလ်ဝင်ခွင့်ရသူတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ ကြေညာပေးထားသလို၊ တက္ကသိုလ်တွေရဲ့ အွန်လိုင်းစာမျက်နှာတွေမှာလည်း ထုတ်ပြန်ထားပါတယ်။ အဲဒီတက္ကသိုလ်တွေအနေနဲ့ ဝင်ခွင့်ရွေးချယ်ရာမှာ ဆယ်တန်းစာမေးပွဲရမှတ်နဲ့ အင်တာဗျူး ဖြေဆိုမှုမှာရရှိခဲ့တဲ့ ရမှတ်တွေအပေါ်မှာ မူတည်ကာ ရွေူးချယ်ခဲ့တာပါ။ တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်ခေါ်ယူခွင့် ရရှိထားတဲ့ ကျောင်းတချို့မှာ ဝင်ခွင့်ရမှတ်တွေဟာ မနှစ်ကထက် ပိုမြင့်နေတယ်လို့ သိရပါတယ်။ ဒီတက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိထားတဲ့ ကျောင်းသားတွေအနေနဲ့ စက်တင်ဘာ ၁၇ ရက်ကနေ အောက်တိုဘာ ၁၇ နေ့အထိ ကျောင်းအပ်နှံရမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်းမှာ လာရောက်မအပ်နှံတဲ့ ကျောင်းသားတွေကတော့ တက်ခွင့်ရရှိတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ တိုက်ရိုက်ခေါ်ယူတဲ့ တက္ကသိုလ်တွေမှာ လာရောက်လျှောက်ထားပြီး ဝင်ခွင့်မရရှိတဲ့ ကျောင်းသားတွေကတော့ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်မှာရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာ တက်ရောက်နိုင်မှာပါ။ တိုက်ရိုက်ခေါ်ယူခွင့်ရရှိထားတဲ့ တက္ကသိုလ်တချို့မှာ တက္ကသိုလ်က လိုအပ်တဲ့ ကျောင်းသားဦးရေထက် ကျောင်းသားတွေကို ပိုမိုခေါ်ယူထားတာတွေ ရှိပါတယ်။ ဝင်ခွင့်ရရှိပေမယ့် လာရောက်ကျောင်းအပ်နှံတာတွေ မရှိပါက ကျောင်းတွေမှာ လိုအပ်တဲ့ သတ်မှတ်ဦးရေ ပြည့်မီအောင် ကျောင်းသားတွေကို သတ်မှတ်ဦးရေထက် ပိုမိုခေါ်ယူထားတာလို့ သိရပါတယ်။ ဒီပညာသင်နှစ်မှာတော့ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ် စတဲ့တက္ကသိုလ်တွေမှာ ဝင်ခွင့်တွေကို တိုက်ရိုက်ခေါ်ယူခဲ့တာပါ။ ဒီနှစ် ပညာသင်နှစ်မှာ တနိုင်ငံလုံးမှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ နှစ် သိန်းခွဲကျော် ရှိပါတယ်။ သတင်းဓာတ်ပုံ - ဆုဆုသွယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up