Home
မြန်မာသတင်း
ရခိုင်ပြည်နယ်သို့ မူဆလင်များဝင်ရောက်လာခြင်း သမိုင်းစာအုပ် ထပ်မံဖြည့်စွက်ရေးသားနေ
အောင်ဆန်းဦး
·
September 17, 2018
32185625_559572974398714_5424910145752662016_o
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိကြောင်း ကမ္ဘာကို အထောက်အထား ခိုင်ခိုင်မာမာနဲ့ သက်သေပြဖို့ ရည်ရွယ်ရေးသားထားတဲ့ ရခိုင်သမိုင်းနဲ့ ရခိုင်ပြည်နယ်သို့မူဆလင်များ ဝင်ရောက်လာမှု သမိုင်းစာအုပ်ကို နိုင်ငံတော်အတိုင်ပင်ခံရဲ့ လမ်းညွှန်မှုနဲ့ ထပ်မံ ဖြည့်စွက် ရေးသားနေတယ်လို့  သာသနာရေးနှင့် ယဉ်ကျေးမှုဌာနက ပြောပါတယ်။ “မူကြမ်းတော့ ထွက်ပြီးသွားပြီ။ လိုအပ်တာလေးတွေရှိနိုင်တယ်၊ ဖြည့်ပါဦးဆိုလို့ ထပ်ပြီးတော့ မှတ်တမ်းမှတ်ရာ ရှာပြီးတော့ ဖြည့်နေပါတယ်”လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်ထွန်းက ပြောပါတယ်။ ရခိုင်သမိုင်းနဲ့ ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်သို့ မူဆလင်များဝင်ရောက်လာခြင်း သမိုင်းစာအုပ်မူကြမ်းမှာ လွန်ခဲ့သော ၁၄ ရာစု၊ ၁၅ ရာစုခန့်က ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေကနေ လက်ရှိအချိန် အထောက်အထားတွေကို စုစည်းပြီး ရေးသားထားတယ်လို့ ဆိုပါတယ်။ “၁၄ ရာစု၊ ၁၅ ရာစုကစပြီး တဖြည်းဖြည်း ဝင်လာရင်းနဲ့ အင်္ဂလိပ်အုပ်ချုပ်တဲ့အချိန်နဲ့ အဲမှာ လယ်ယာလုပ်သားသွင်းတာ အဲလောက်နဲ့ နောက်ပိုင်း အလယ်သံကျော်ကိစ္စနော် အဲလောက်ပါပဲ။ သမိုင်းဆရာကြီးတွေက ပိုသိတယ်” လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။ အဆိုပါသမိုင်းစာအုပ်ကို သမိုင်းပညာရှင် ဒေါက်တာမြင့်သိန်းဦးဆောင်တဲ့ သမိုင်းပညာရှင်အဖွဲ့က ရေးသားပြုစုနေတာ ဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ တာဝန်ခံ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ အလားတူ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်မူကြမ်းကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံရဲ့ လမ်းညွှန်မှုနဲ့ သမိုင်းပညာရှင် ဦးမြဟန် ဦးဆောင်တဲ့ သမိုင်းပညာရှင်အဖွဲ့က သမိုင်းအထောက်အထား တွေရှာဖွေပြီး ထက်မံဖြည့်စွက် ရေးသားနေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024