Home
မြန်မာသတင်း
ပုဂ္ဂလိက ဆေးတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ်များဖွင့်ရန် ပြည်ပနိုင်ငံများ ကမ်းလှမ်း
နေဖြိုးဝင်း
·
September 17, 2018
41859335_2274082885940051_7223336943998730240_o
မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်နဲ့ သူနာပြုတက္ကသိုလ်တွေဖွင့်လှစ်ဖို့ ပြည်ပနိုင်ငံတွေက ကမ်းလှမ်းလာတာတွေရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ "အိန္ဒိယလည်း ကမ်းလှမ်းတယ်၊ ကိုရီးယားလည်း ကမ်းလှမ်းတယ်။ ကိုရီးယားဆို အကြီးကြီးပဲ။ ဖိလစ်ပိုင်ဆို သူနာပြုတက္ကသိုလ်တွေ၊ အထူးသဖြင့် သူနာပြုကို လုပ်ချင်တာ။ ဘာဖြစ်လို့လည်းဆို သူနာပြုလုပ်ရင် အောင်တဲ့ သူနာပြုဆရာမလေးတွေဟာ မြန်မာပြည်မှာ မလုပ်ချင်ရင် နိုင်ငံခြားထွက်လို့ရတယ်။ ဖိလစ်ပိုင်ကိုကြည့်ရင် ဆရာဝန်ဖြစ်တဲ့ ဆရာဝန်တွေ သူနာပြုသင်တန်းတက်ပြီး အမေရိကားမှာ သွားလုပ်နေတာ အများကြီးပဲ။ နိုင်ငံခြားမှာ သူနာပြုက အလုပ်ရဖို့ အရမ်းလွယ်ပါတယ်။ ဆရာဝန်က မလွယ်ဘူး။ system က မတူဘူးလေ။ သူနာပြုက အကုန်လွယ်တယ်။ အဲဒါကို အားပေးမယ်။ ဒါတွေကဖွင့်သင့်တယ်။ ဒါ ကျနော့်ရဲ့ ပုဂ္ဂလိက အမြင်ပေါ့။ ဒါမှ နိုင်ငံတိုးတက်မယ်" လို့ ဆိုပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၇ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်က ဒေါက်တာဦးကြွယ်ကြွယ်က ဆေးတက္ကသိုလ်ဝင်ခွင့်ကို ယောက်ျား၊ မိန်းမခွဲခြားပြီး ၅၀ ရာခိုင်နှုန်းစီ သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့၊ ရတဲ့ အမှတ်အလိုက် အစဉ်အတိုင်းဝင်ခွင့်ပေးဖို့ အစီအစဉ်ရှိ မရှိ မေးခွန်း ကို မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဒေါက်တာမြင့်ထွေးက "လောလောဆယ်မှာတော့ ပြင်ဆင်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ပြင်ဆင်မယ်ဆို ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေနဲ့ အကုန်လုံး ညှိနှိုင်းပြီး အစိုးရအဖွဲ့ရုံးကို တင်ပြီးမှာ ပြောင်းဖို့ သင့်တယ်ဆိုရင် ပြောင်းမှာပါ " လို့ ပြောပါတယ်။ ဒီလိုကိစ္စတွေ အဆင်ပြေဖို့အတွက် ပုဂ္ဂလိကဆေးကျောင်းတွေ၊ ပုဂ္ဂလိက သူနာပြု ကျောင်းတွေဖွင့်ဖို့ စီစဉ်နေပြီး ပညာရေးနဲ့ပတ်သက်တဲ့ ဥပဒေတစ်ခုထွက်လာရင် ဖွင့်လို့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဘက်ကလည်း အခုလို ကျောင်းတွေ ဖွင့်နိုင်ဖို့ ၀ိုင်းဝန်းပံ့ပိုးပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024