အစ္စတန်ဘူလ်လေဆိပ်တွင် ဆန္ဒပြသူ လေဆိပ်လုပ်သား ရာချီကို တူရကီရဲ ထိန်းသိမ်း

လာမယ့်လမှာ ဖွင့်တော့မယ့် အစ္စတန်ဘူလ်လေဆိပ်ရဲ့ လုပ်ငန်းခွင်အခြေအနေတွေ အပေါ် ဆန္ဒပြတဲ့ လေဆိပ်လုပ်သားရာချီကို တူရကီရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်တယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက စက်တင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။ စင်တင်ဘာ ၁၄ ရက်နေ့ကဖြစ်ခဲ့တဲ့ လွန်းပြန်ဘတ်စ်ကားတစင်း မတော်တဆမှုမှာ အလုပ်သမား ၁၇ ဦး ဒဏ်ရာရခဲ့ပြီးနောက်မှာ အခုဆန္ဒပြပွဲထွက်ပေါ်လာတာပါ။ ဆန္ဒပြပွဲမှာ အလုပ်သမား ထောင်ချီပါဝင်ခဲ့ပြီး ရဲက မျက်ရည်ယိုဗုံးတွေ၊ အဓိကရုဏ်းနှိမ်နင်းရေး ယာဉ်တွေသုံးပြီး ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့ပါတယ်။ တူရကီအတိုက်အခံ လွှတ်တော်အမတ် အလီဘာယာကတော့ ထိန်းသိမ်းခံရတဲ့ ဆန္ဒပြလုပ်သားအရေအတွက် ၄ဝဝ နီးပါးရှိတယ်လို့ ပြောပါတယ်။ ဒီလေဆိပ်သစ်ဟာ ကမ္ဘာ့အကြီးဆုံး လေဆိပ်ဖြစ်လာမယ်လို့ တူရကီဘက်က ပြောထားပါတယ်။ လေဆိပ်လုပ်သားတွေဟာ လုပ်ငန်းခွင်မှာကျွေးတဲ့ အစားအသောက်မကောင်းတာ၊ လုပ်သားတန်းလျားတွေမှာ ဂျပိုးထူပြောတာနဲ့ လစာနောက်ကျတာတွေကို ပြောဆိုလေ့ ရှိပါတယ်။ ဒါ့ပြင် လုပ်သားတွေက အင်တာနက် လူမှုကွန်ရက်မှာ တင်ထာတဲ့ ရုပ်ပုံတွေမှာတော့ သူတို့နေဖို့ ပေးထားတဲ့ ကွန်တိန်နာအိမ်တွေရဲ့ နံရံတွေ မျက်နှာကြက်တွေမှာ အက်ကြောင်းတွေဖြစ်နေတာကို တွေ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up