Home
မြန်မာသတင်း
ဘားအံအကျဉ်းထောင်မှ အကျဉ်းသား ၄၁ ဦး ထောင်ဖောက်ထွက်ပြေး၊ ၃ ဦး ပြန်မိ
DVB
·
September 16, 2018
41944129_238578297002451_5459962589331062784_o
ဘားအံအကျဉ်းထောင်မှ ထောင်ကျအကျဉ်းသား ၄၁ ဦး ထောင်ဖောက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ၃ ဦးပြန်မိထားတယ်လို့ ဒီနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က ပြည်နယ်ရဲတပ်ဖွဲ့မှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကို အတည်ပြု ပြောကြားပါတယ်။ မနက် ၈ နာရီ ၄၅ မိနစ်လောက်က အကျဉ်းသားတွေဟာ အကျဉ်းထောင်အတွင်းက ဓမ္မာရုံး တောင်ဘက်စိုက်ခင်းမှာ သန့်ရှင်းရေးလုပ်နေရာက ဓမ္မာရုံးရှေ့မှာ ရပ်နားထားတဲ့ အမှိုက်သယ်ယာဉ်မောင်းနှင်တဲ့ အကျဉ်းထောင်ဝန်ထမ်းကို ဆွဲချထိုးကြိတ်ပြီး မော်တော်ယဉ်ကို ယူဆောင်ကာ အကျဉ်းထောင်တံခါးတွေကို တိုက်ဖွင့်ပြီး ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးမှ လှိုင်းဘွဲ့မြို့ဘက်ကို ထွက်ပြေးသွားခဲ့တာပါ။ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး၊ ရဲမှူးကြီး အောင်မြတ်မိုးက “ထောင်ဖောက်ပြေးတာ မှန်တယ်။ ၄၁ ယောက်ပါ သွားတယ်။ လောလောဆယ် ရှာဖွေဆဲ။ အဲလောက်ပဲ ပြောနိုင်သေးတယ်။ တော်တော်ရှုပ်ထွေးနေလို့” လို့ ပြောပါတယ်။ ဘားအံမြို့၊ ဘားအံအကျဉ်းထောင်၊ ဒုတိယညွန်ကြားရေးမှူး၊ ခင်မောင်ဝင်းက “လောလောဆယ်တော့ ကျနော်တို့ စုံခုံဖွဲ့ စစ်ဆေးနေတယ်။ ၃ ယောက်တော့ ပြန်မိထားတယ်။ အသေးစိတ်ကတော့ ရုံးချုပ်ကို တင်ပြထားတယ်။ သူတို့ သတင်းထုတ်ပြန်ပါလိမ့်မယ်” လို့ ပြောပါတယ်။ ထောင်ဖောက်ထွက်ပြေးသွားတဲ့ ထောင်ကျအကျဉ်းသားတွေဟာ ပြစ်မှုမျိုးစုံနဲ့ အကျဉ်းကျနေသူတွေ ဖြစ်တယ်လို့ အကျဉ်းထောင် တာဝန်ရှိသူက ပြောပါတယ်။ အကျဉ်းထောင်ဖောက်မှုကြောင့် ထောင်ဝန်ထမ်း ၁ ဦး ဦးခေါင်းထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ အတွက် ဘားအံဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။ ဘားအံအကျဉ်းထောင်မှာ အကျဉ်းသား ထောင်ဖောက်ထွက်ပြေးမှု မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024