Home
မြန်မာသတင်း
ရန်ကုန်တိုင်း ဥပဒေချုပ်ကို တာဝန်မှရပ်စဲ
ပိုင်စိုး
·
September 15, 2018
ရန်ကုန်တိုင်း ဥပဒေချုပ်ကို တာဝန်က ရပ်စဲလိုက်တယ်လို့ သမ္မတက မနေ့ကရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူးကို အခြေခံဥပဒေပုဒ်မ ၂၆၈ နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၂၉ တို့အရ တာဝန်က ရပ်စဲတာလို့ ဖော်ပြထားပါတယ်။ ဒါဟာ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ တိုင်းအစိုးရအဖွဲ့ဝင်တယောက်ကို အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးအမှုဖွင့်တာ၊ တာဝန်ကနေ ရပ်စဲတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဥပဒေချုပ်အပါအဝင် ဥပဒေအရာရှိကြီးတွေဟာ သရုပ်ဆောင် အောင်ရဲထွေးအမှု ရုပ်သိမ်းပေးဖို့အတွက် လာဘ်စားခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အရေးယူခဲ့တာပါ။ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့  ရွှေပေါက္ကံ နယ်မြေစခန်းမှူး ရဲအုပ်ချစ်ကိုကိုတို့ဟာ အဲဒီအမှုအတွက် ကျပ်ငွေ သိန်း ၇၀၀ ကျော် ရယူတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကော်မရှင်က ဒုညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောထားပါတယ်။ ဒီအမှုကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်ပြောဆိုခဲ့တာတွေ ရှိနေတာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ကျော်ဇောသတင်းသတ်မှတ်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်က ခုံရုံးဖွဲ့စစ်ဆေးခဲ့တာပါ။ သူတို့ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဟာ ထောင်ဒဏ် ၁၅ နှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်ပြီး ပုဒ်မ ၅၆ ဟာ ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ်ချမှတ်နိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024