Home
မေးမြန်းခန်း
ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ ဦးအောင်သောင်းနှင့် မေးမြန်းချက် – ၂
DVB
·
August 10, 2012
အပိုင်း ၂ မှာ ဗဟိုဘဏ်ရဲ့ လုပ်ငန်းဆိုင်ရာ အခြေအနေတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပိုင်ဆိုင်မှုငွေကြေးအခြေအနေတွေ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းကို ဒီဗွီဘီ လက်ထောက်အယ်ဒီတာ ဦးသန်းဝင်းထွဋ်က တွေ့ဆုံမေးမြန်းထားပါတယ်။ ဦးအောင်သောင်းအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်ထက် ပိုပြီးတော့ ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ရေးရာကော်မတီမှာလည်း ပါတယ်ဆိုတော့ အဲ ရေးရာကော်မတီရဲ့ လုပ်ငန်းဆောင်တာတွေ သိချင်ပါတယ်။ “ငွေကြေးကိစ္စဟာ ကျနော်တို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်။ လောလောဆယ်မှာ ရှိနေတဲ့ အနေအထားက အခု ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက တခုတည်းဖြစ်တယ်၊ တွဲနေတယ်။  တွဲနေတော့ ယနေ့ ငွေကြေးလောကကို ကိုင်တွယ်နိုင်တဲ့ စွမ်းရည်မရှိဘူး။ အဲတော့ ဗဟိုဘဏ်က အမိန့်တောင်းတယ်၊ ဗဟိုဘဏ်က ဘဏ္ဍာရေးဝန်ကြီးဌာနကို တောင်းတယ်၊ ဘဏ္ဍာရေးဝန်ကြီးက အထက်ကိုတောင်းတယ်။ သူတို့လုပ်ပိုင်ခွင့်တွေက အတော်နည်းတယ်။ ဒါတွေအားလုံးကို ကျနော်တို့က ပြန်လည် ဆန်းစစ်ပြီးတော့မှ အဆင်မြင့်တဲ့ ဗဟိုဘဏ်ဖြစ်ဖို့။” ဗဟိုဘဏ်ရဲ့ သီးခြားလွတ်လပ်ခွင့် အလားအလာကရော ဘယ်လောက်နီးစပ်နေပြီလဲ။ “နီးစပ်နေပြီ၊ အခု ဥပဒေမူကြမ်းရေးပြီးပြီ။ ပြီးတာနဲ့ အတည်ပြုပြီးတာနဲ့ သမ္မတ လက်မှတ်ထိုးပြီးတာ နဲ့ ဖြစ်သွားမှာပါ။ ပြန်လည်ဖွဲ့စည်းဖို့လည်း အဆင်သင့်ဖြစ်နေပြီ။ လူတွေလည်း ရှာထားတယ်။ ဘယ်လိုဖွဲ့မယ်၊ ဘယ်လို ကိုင်တွယ်မယ်။ တာဝန်ဝတ္တရားတွေပါ။ သမ္မတကို တိုက်ရိုက်တာဝန်ခံမှာ။” အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းစနစ်က တော်တော်လေး ကျန်ခဲ့ပြီလို့ ပြောလို့ရတယ်။ အဲအတွက် အရေးကြီးဆုံး၊ အမြန်ဆုံး အကောင်အထည်ဖော်သင့်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ရော။ “အမြန်ဆုံးကိုင်တွယ်နိုင်ဖို့ဆိုတာက ငွေကြေးဈေးကွက်ကို နားလည်ဖို့လိုတယ်။ ကိုင်တွယ်နိုင်ဖို့လည်း လိုတယ်။ သိဖို့လည်း လိုတယ်။ ငွေကြေးဈေးကွက်ကို သိနိုင်မယ့် စီမံနိုင်မယ့်လူ ကျွမ်းကျင်တဲ့သူ ရှိဖို့လည်း လိုတယ်။ ငွေကြေးဈေးကွက်မှာ ဒီနေ့ ဘာဖြစ်နေပြီလဲ သိဖို့လိုတယ်၊ ဥပမာ ငွေလဲနှုန်း၊ ငွေလဲနှုန်း ဘာဖြစ်နေပြီလဲ ဒါကိုချက်ချင်းပြင်နိုင်ဖို့လိုတယ်။ ဒါကိုမပြင်နိုင်ဘဲ ၁ လ၊ ၂ လ စောင့်နေရင် စီးပွားရေးက တော်တော်ထိခိုက်သွားမှာ၊ ဘီလီယံနဲ့ချီပြီးတော့ ထိခိုက်သွားမှာ။ ဒီအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်ပြီးတော့ သတင်းယူပြီးတော့ ပြုပြင်နိုင်စွမ်းရှိရမှာ။ ဒါတွေကို ကျနော်တို့က မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အတွက် ဒါတွေကို လုပ်ချင်တဲ့အတွက် လိုတယ်လို့ တိုက်တွန်းပြီးတော့မှ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကိုခေါ်တယ်။ ကမ္ဘာ့ဘဏ်ကိုခေါ်တယ်။ ပြည်တွင်းမှာ ပြီးတော့မှ ၆ ကျပ်ကနေ ၈၀၀ ကို စမ်းသပ်ပြီးတော့ ပြင်လိုက်တဲ့သဘောရှိတယ်။ ပြင်လိုက်တော့ အထိုက်အလျောက် အကျိုးရှိတယ်။ ၈၇၀၊ ၈၈၀ ၀န်းကျင်လောက် သွားဖြစ်နေတယ်။ ပုံမှန်ဖြစ်နေရင်တော့ လုပ်ကိုင်မယ့် စီးပွားရေးကကောင်းတယ်။ အပြင်က ငွေကြေးပမာဏ၊ ပြီးတော့ ငွေကြေးအဖွဲ့အစည်းဖြစ်တဲ့ တခြား ပုဂ္ဂလိကဘဏ်တွေကိုလည်းပဲ သူတို့လုပ်တာကိုင်တာကို ပြုပြင်ရမယ်။ ထိန်းချုပ်လွန်းအားကြီးရင် မသင့်ဘူး။ အရင် စနစ်တွေကတော့ ထိန်းချုပ်လွန်းအားကြီးတယ်။ လွတ်လပ်မှုနည်းတာပေါ့။ စိတ်မချမှု အမြဲကြုံနေရတယ်။ မတောင့်တင်းဘူးပေါ့။ တခုခုဖြစ်သွားရင် ကျနော်တို့မှာ  ဖာထေးဖို့ ဘာမှမရှိဘူး။ မရှိတော့ မဖြစ်အောင် ထိန်းတာပဲ အကျင့်ကပါနေတယ်။ ဒါလေးတွေကို အချိန်မီ တောင့်တင်းအောင်လုပ်ဖို့၊ သူတို့လို လုပ်တတ်ကိုင်တတ်ဖြစ်အောင် လုပ်ရမယ်။ တကယ့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းက လူတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေက လွယ်လွယ်ကူကူဆက်ဆံလို့ရအောင် နည်းနည်းပါးပါး အမိန့်တွေ ညွှန်ကြားချက်တွေကို ပြင်ရမယ်။ အကန့်အသတ်တွေ၊ အတားအဆီးတွေ၊ နှောင့်နေးမှုတွေ၊ ဟန့်တားမှုတွေကို ကျနော်တို့ ပြင်ရမယ်။” ဘဏ်လုပ်ငန်း အခန်းကဏ္ဍမှာ ပုဂ္ဂလိကအခန်းကဏ္ဍနဲ့ ပွင့်လင်းမြင်သာတဲ့ အခြေအနေအတွက် ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်တာ ရှိသလဲ။ “ဘဏ်လုပ်ငန်းတွေက များသောအားဖြင့်တော့ ပွင့်လင်း ထင်သာမြင်သာတဲ့ အနေအထားရှိတယ်။ ပုဂ္ဂလိက ဘဏ်တွေကပေါ့။ ဒါပေမယ့် ပုဂ္ဂလိကဘဏ်တွေက အလွန်အင်အားကြီးမားတောင့်တင်းတာ မရှိဘူး။ အခြေအနေ အရပ်ရပ်အရ မရှိတဲ့အခါမှာ သူတို့ကိုယ်တိုင် မရှိတာလည်း ပါတယ်။ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နည်းပညာလည်းပဲ အားနည်းတာလည်း ပါတယ်။ သူတို့မတောင့်တင်းတာလည်း ပါတယ်။ အကူအညီမရတာလည်း ပါတယ်။ အဲဒီတော့ ကျနော်တို့က သူတို့အခု လုပ်နေတာတွေက ပွင့်လင်းတယ်။ ဒီက သတ်မှတ်ပေးထားတဲ့ မူဘောင်လေးက ကျဉ်းရင် သူတို့ ကျဉ်းမယ်။ သူတို့က ကျဉ်းအောင် လုပ်တယ်လို့တော့ မဟုတ်ဘူး။ အဲတော့ ဒီက သတ်မှတ်ပေးလိုက်တာလေးကို ပြင်သင့်တာကို ပြင်ရမယ်။ အဲဒါကြောင့် ခုနက ကျနော်ပြောတာ သူတို့ အမိန့်တွေဟာ ဟန့်တားသလို၊ ထိန်းချုပ်သလို ဖြစ်ရင် ပြင်ပေးရမယ်။ အများကြီးကျန်တယ်။ ပြင်ရဦးမယ့် ဥပဒေတွေလည်း လိုသေးတယ်။ အခု ကျနော်တို့ နိုင်ငံခြားသုံးငွေ ဥပဒေ တင်ထားပြီးပြီ။ မကြာမီထွက်လာတော့မယ်။ ဒါက လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုပြီးပြီ။ ဗဟိုဘဏ် ဥပဒေ၊ ငွေကြေးအဖွဲ့အစည်းများရဲ့ ဥပဒေ ကျနော်တို့ ထုတ်ရမယ်။” ဘဏ်လုပ်ငန်းနဲ့ ဆက်စပ်ပြီးတော့ ဒေါ်လာငွေလဲနှုန်းကို ပြောင်းလဲတာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက ကြို ဆိုတာလည်း တွေ့နေရပါတယ်။ တချိန်တည်းမှာပဲ ငွေကြေးလွတ်လပ်စွာ လဲလှယ်ခွင့်ရှိတဲ့ အခြေအနေ ဖြစ်လာတယ်။ ဒေါ်လာကိုင်ရင် အဖမ်းခံရတယ်ဆိုတာ အရင်ကလည်း ရှိခဲ့တယ်။ အခုထိလည်း အဖမ်းခံရနိုင်တဲ့ ဥပဒေက ရှိနေတုန်းပဲ။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ အရပ်ထဲမှာ ရီစရာမောစရာ ဖြစ်နေတဲ့ ပုံစံမျိုးပေါ့။ “တကယ်တော့ မဖမ်းတော့ပါဘူး။ ဖမ်းနိုင်ခွင့်တော့ ရှိတယ်။ သို့သော် ဒီဥပဒေက သမ္မတက လက်မှတ်ထိုး ကြေညာလိုက်တဲ့နေ့မှာ အဲဒီဥပဒေကပျက်သွားပြီ။ ကျနော်တို့ သွားနိုင်လာနိုင် သယ်နိုင်တဲ့ ဥပဒေက ထွက်လာပြီ။ အဲဒီမှာ ပါပြီးသား ဖြစ်ပါတယ်။ ဘာလို့ အခု မဖမ်းသလဲဆိုတော့ ကျနော်တို့က မည်သည့်ဒေါ်လာကိုမဆို လဲလှယ်ခွင့် ပေးထားတဲ့ ဘဏ်တွေ ရှိတယ်။ မှတ်ပုံတင်ပြပြီး လဲလို့ရတယ်။ ဒါကြောင့်မို့ ကိုင်ဆောင်မှုကို ပြောသာပြောနေပေမယ့် တကယ်တော့ မဖမ်းတော့ပါဘူး။” ဒါပေမယ့် ဥပဒေအရ ဘယ်လက်ကတမျိုး ညာလက်ကတမျိုး ဖြစ်နေတာမျိုးတွေ ခဏခဏ တွေ့ရသလားလို့ပါ။ “ဟုတ်ပါတယ်။ အခုတော့ ဒါတွေလာရင်တော့ ပြီးသွားပါပြီ။ အခုလောလောဆယ် စပ်ကူးမတ်ကူးလေးပေါ့။” နောက်တခါ ဥပဒေပြုတဲ့ ဘဏ်ငွေကြေး ကိစ္စတွေမှာ ဥပဒေပြုတယ်။ နည်းဥပဒေလုပ်ထုံးလုပ်နည်းတွေ ကိစ္စမှာ အဆက်ပြတ်တာမျိုးတွေ၊ အချိန်ကွာဟနေတာမျိုးတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုး …..။ “ဒါကတော့ မနိုင်နင်းမှုတွေ၊ အတွေ့အကြုံနည်းမှု၊ လမ်းမမြင်မှု၊ ကြိုတင်ပြင်ဆင်မှု နည်းတာရယ်ပေါ့။ အမှန်က နည်းဥပဒေပါမှ အလုပ်လုပ်လို့ရတာ။ ဒီဥပေဒ ပြဋ္ဌာန်းတာဆိုတာက သီအိုရီပဲ ဖြစ်တယ်။ တကယ့်လက်တွေ့ကို ဘယ်လိုလုပ်ရမလဲဆိုတာ နည်းဥပဒေဆိုတာ လိုတယ်။ ဒါကြောင့် နည်းဥပဒေရှိမှ ရတယ်။ ဒီကိစ္စကို လွှတ်တော်မှာ ဆွေးနွေးပြီးပြီ။ နည်းဥပဒေ အမြန်ဆုံးထွက်ပါ။ အရင်ဆုံး ဘယ်လောက်အတွင်း ထွက်ပါ ရက်ကန့်သတ်တယ်။ ဒီတခါတော့ ရက်တော့ မကန့်သတ်သေးပါဘူး။ အမြန်သာ ထွက်ပေးပါဆိုပြီး လုပ်ပေးတယ်။ အခု နောက်ကလိုက်လာပြီ။ တခုပြီးတခု နောက်ကနေ နည်းဥပဒေတွေ လိုက်လာပါပြီ။ မကြာပါဘူး။ လွှတ်တော်က ရက်သတ်မှတ်ပေးတာ နည်းပါတယ်။ သို့သော်လည်းပဲ လောလောဆယ်တော့ မကန့်သတ်သေးပါဘူး။ သက်ဆိုင်ရာဌာနက မြန်မြန်လုပ်ပါလို့ပဲ တိုက်တွန်းထားပါသေးတယ်။ ဟိုဘက်ကလည်း သဘောတူပါတယ်။” နောက်တခုက ဘဏ်များနဲ့ ငွေကြေးဆိုင်ရာ ကော်မတီရဲ့ အနေနဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လာပြောဆိုတဲ့ကိစ္စပေါ့။ အစိုးရအဖွဲ့ထဲမှာ ပါဝင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ကြေညာရေးကိစ္စမျိုးတွေ အဲလိုမျိုး ပြောဆိုနေတဲ့ ကိစ္စနဲ့ရော ဘယ်လိုမျိုး ပတ်သက်လဲ။ “အဲဒါကတော့ ကျနော်တို့နဲ့ မပတ်သက်ဘူးဗျ။ ပြည်ထဲရေးတို့ ဘာတို့မှာ တင်ရမယ်ထင်တယ်။ ဘဏ္ဍာအခွန်ကတော့ စာရင်းယူရုံပဲ ရှိမယ်။ ဘဏ်မှာထားတဲ့ စာရင်းအင်းတွေနဲ့ ဆိုင်တယ်။ ဘဏ်မှာ အပ်ထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်တယ်။ ပေါင်နှံထားတာနဲ့ပဲ ဆိုင်မယ်။ ဘဏ္ဍာရေးနဲ့တောင် သိပ်မဆိုင်ဘူး။ ပြည်ထဲရေးတို့နဲ့ပဲ ဆိုင်မယ်ထင်တယ်။” အစိုးရအဖွဲ့ဝင်တွေသာမကဘဲနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေမှာလည်း ပိုင်ဆိုင်မှုဆိုတာတွေ ကြေညာဖို့ ဆိုတာတွေ၊ ပွင့်လင်းရိုးသားမှု ဆိုတာတွေကရော တကယ် ဘယ်လောက်အထိ လက်တွေ့ကျနိုင်လဲ။ ဘယ်လိုမျိုး အခက်အခဲတွေ ရှိနိုင်လဲ။ “ကျနော်ထင်တယ် ပုဂ္ဂလိကပိုင်းကတော့ နည်းနည်း လိုဦးမယ်ထင်တယ်။ လောလောဆယ်တော့ ဖြစ်နိုင်ဖို့ အခြေအနေ နည်းပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တိုင်းပြည် အနေအထားက သူများတွေလောက် လေ့ကျင့်မှု အတွေ့အကြုံက နည်းသေးတယ်။ အဲဒါကြောင့် အဲဒီအပိုင်းကတော့ လိုဦးမယ်။ ဥပမာ အနောက်နိုင်ငံများမှာ အခွန်ငွေဆောင်တာနဲ့ ပတ်သက်ပြီး အခွန်မဆောင်လို့ကို မရဘူး။ ဒါနဲ့ ပတ်သက်ပြီး သူ့ပိုင်ဆိုင်မှုကို သိလို့ရတယ်။ အခွန်ဆောင်တော့မယ်ဆိုရင် ကြေညာရတာလေ။ ဒီမှာလည်း ရှိတော့ ရှိပါတယ်။ သို့သော် ဒီကြေညာတာနဲ့ ပတ်သက်ပြီး ဘယ်လောက်ရှိမလဲဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူး။ အဲဒီတော့ ပုဂ္ဂလိကပိုင်းမှာလည်း ဥပမာ အနောက်နိုင်ငံတွေမှာ တိုက်ဂါးဝုဒ်၊ ဘီလ်ဂိတ်တို့ဆိုရင် ဘယ်လောက်ချမ်းသာတယ်ဆိုတာ ပြောနိုင်တဲ့ အနေအထားရှိတယ်။ ဒီမှာတော့ မပြောနိုင်ဘူး။” ပြောနိုင်တဲ့ အခြေအနေ ဘယ်တော့လောက်ကျမှ ရောက်နိုင်မလဲ။ “ကျနော်ထင်တယ်။ လိုဦးမယ်ထင်တယ်။ ကျနော့်စိတ်ထင် ဒီသက်တမ်းမှာတော့ မရနိုင်သေးဘူး။ ကျင့်သားရအောင် အခွန်ဥပဒေတွေရော၊ ၀င်ငွေခွန် ဥပဒေတွေရော၊ ပိုင်ဆိုင်မှုတွေရော၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူရော၊ အစိုးရရော လုပ်ထုံးလုပ်နည်းက ကောင်းမှရမယ်။ လုပ်ငန်းရှင်တွေလည်း နားလည်မှ ရမယ်။” အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုမှာ တချိန်တည်းမှာပဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ ပြည်ပက ၀င်လာမယ့် စီးပွားရေးကုမ္ပဏီတွေနဲ့ အားပြိုင်တာတွေ ရှိလာနိုင်တယ်ဆိုရင် လုပ်ငန်းလုပ်ပိုင်ခွင့် ပွင့်လင်းရိုးသားမှုတွေနဲ့ ပတ်သက်ပြီး ကော်မတီရဲ့ လုပ်ငန်းရော ရှိပါသလား။ ဘယ်လိုများ ပတ်သက်တာမျိုးရှိမလဲ။ “ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မတီလည်း ရှိပါတယ်။ ကုန်သွယ်မှုဆိုင်ရာ ကော်မတီလည်း ရှိပါတယ်။ စီမံကိန်းဆိုင်ရာ ကော်မတီ၊ စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ ကော်မတီလည်း ရှိတယ်။ ပွင့်လင်းမြင်သာမှုဆိုတဲ့အပိုင်းကတော့ မြန်မာ့ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေအပေါ်မှာ မူတည်ပါတယ်။ အဲဒီမှာ အပြည့်အ၀တင်ပြရတယ်။ တင်ပြချက်တွေ ညီညွတ်မှ ပေးတာ။ ပြည်တွင်းကပဲ တင်တင်၊ ပြည်ပကပဲ တင်တင် ဒါတွေလိုအပ်တယ်။ ပြည်ပနဲ့ ပြည်တွင်း ဆက်စပ်မှု အပိုင်းမှာလည်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ပါတယ်။ အခုလည်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ မကြာခင် တင်တော့မယ်။ မူကြမ်းလုပ်ပြီးသွားပြီ။ လိုနေတာလေးတွေကို ပြင်နေတယ်။ ပွင့်လင်းမြင်သာမှုတွေ မရှိဘဲ မရဘူး။ ပွင့်လင်းမြင်သာမှုက လူတိုင်းလိုတယ်။ အဲတော့ နိုင်ငံခြားသားတွေကလည်းပဲ ပွင့်လင်းမြင်သာမှ၊ အာမခံချက်ရှိမှ လုပ်လိုတာလေ။ ပွင့်လင်းမြင်သာမှပဲ အာမခံချက် ရှိမရှိဆိုတာ သိရမှာ။ အဲဒါမှ သူ့ရဲ့ ရပိုင်ခွင့်တွေ နားလည်မယ်။ ဒါတွေအားလုံးက ပွင့်လင်းမြင်သာမှု အပိုင်းတွေပဲ။ ကျနော်တို့က တိုးတက်ချင်တယ်ဆိုရင်တော့ ပွင့်လင်းမြင်သာမှု ပေးကို ပေးရမယ်။ ဒါမှလည်း လာမှာကို။ သူမလာရင် မရဘူး။ သာတူညီမျှမှု ရှိအောင် ဥပဒေကလည်း ချုပ်ထားမယ်။” ဦးအောင်သောင်းနှင့် မေးမြန်းချက် အပိုင်း ၃ ကို ဆက်လက်ဖော်ပြသွားပါမည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024