
Lead Story ကျန်းမာရေး သတင်း နိုင်ငံတကာ
ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရန် ကြိုးစား၊ သယ်ယူပို့ဆောင်ရေးစိန်ခေါ်မှု ရင်ဆိုင်နေရ

Email This Story :
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း ဘေနီမြို့က ကျန်းမာရေးလုပ်သားတွေဟာ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဘေနီဟာ အရေးပါတဲ့ ကုန်သွယ်ရေး အချက်အချာမြို့ ဖြစ်ပေမယ့် အီဘိုလာဗိုင်းရပ်စ် ကူးစက်တဲ့နေရာသစ် ဖြစ်ခဲ့တာပါ။
လောလောဆယ် ကွန်ဂိုမြောက်ပိုင်း ကီဗူးနဲ့ အစ်တူရီခရိုင်တွေအတွင်း လူ ၁၃၂ ဦး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ၉၁ ဦး သေဆုံးခဲ့ပါတယ်။
ကူးစက်ခံခရိုင်တွေမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ပြည်တွင်းစစ် ၂ ခုကြောင့် လက်နက်ကိုင် သူပုန်ထမှုတွေ၊ တိုင်းရင်းသားတွေကြား သတ်ဖြတ်မှုတွေ ရှိနေပါတယ်။
ကူးစက်မှုအမြင့်ဆုံး ဗဟိုချက်နေရာနားက တချို့ဒေသတွေဆီကို ရောက်ဖို့ ဘေးမကင်းလို့ လက်နက်ကိုင် အစောင့်အရှောက်နဲ့ သွားနေရပါတယ်။
ဘေနီမြို့မြောက်ပိုင်း အန်ဂါဒီရပ်ကွက်မှာ စက်တင်ဘာ ၉ ရက်နေ့က ADF သူပုန်တွေ တိုက်ခိုက်လို့ လူတဦး သေဆုံးတယ်လို့ ကွန်ဂိုစစ်တပ် ပြောခွင့်ရက ဆိုပါတယ်။
စမ်းသပ်ဆဲ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေကို သုံးပြီး ဗိုင်းရပ်စ်ကူးစက်နှုန်း နှေးအောင် လုပ်ရာမှာ တိုးတက်မှုတွေ ရနေတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
ဒါပေမယ့် တချို့နေရာတွေကို သွားလာရခက်ခဲနေလို့ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ မသေချာဘူးလို့လည်း သူတို့က ပြောခဲ့ပါတယ်။