ဓားထိုးသတ်ခံရသည့် ကျောက်ဆည်ကျောင်းသားအမှု ရုံးထုတ်

ဓာတ်ပုံ - ကိုစိုးသီဟ
1.6K
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ ဓားနဲ့ထိုးသတ်ခံခဲ့ရတဲ့ အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်းသားကို သတ်ခဲ့တဲ့တရားခံတွေကို စက်တင်ဘာ ၁၃ ရက်က ရုံးထုတ်ခဲ့ရာ ကျောင်းသားသမဂ္ဂများနဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့အတူ ပြည်သူ ၇၀၀ ကျော် လာရောက်ဝန်းရံ စောင့်ကြည့်ခဲ့ကြပါတယ်။
ကျောက်ဆည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး မသီထက်စံက “ခုလာရောက် ဝန်းရံရတာ အသတ်ခံရတဲ့ကျောင်းသား အမှုကို အမှုမှန်ပေါ်စေချင်တယ် ဒါ့ကြောင့်လည်း ကျောင်းသား ကျောင်းသူတွေစုပြီး လာရောက်ဝန်းရံ စောင့်ကြည့်ကြတာပါ။ ခုဟာက အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာဖြစ်တယ်”လို့ ပြောပါတယ်။
ကျောက်ဆည်မြို့ခံ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဒေါ်နွယ်နီအောင်က “ကျမ စိတ်မကောင်းဘူး။ ကျမသားလေးသာဆိုရင် ရင်ကျိုးရမှာလေ။ မိဘချင်း ကိုယ်ချင်းစာမိတယ်။ ကျမတို့ကျောက်ဆည်မှာ ဒီလိုဖြစ်ရပ်မျိုးတွေ နောက်ထပ်မပေါ်စေချင်ဘူး။ အဖြစ်မှန်လည်း အမြန်ဆုံးပေါ်ပေါက်စေချင်တာ။ အပြစ်ရှိတဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူစေချင်တယ်”လို့ ပြောပါတယ်။
ကျောက်ဆည်မြို့ဒေသခံ ၃၀၀ ကျော်က တရားခံကို အချုပ်ကားနဲ့မခေါ်ဘဲ အိမ်စီးကား မတ်တူးရွှေငါးနဲ့ခေါ်လာတဲ့အတွက် မကျေမနပ်ကြောင်း ပြောဆိုအော်ဟစ်ခဲ့ကြပါတယ်။
ကျောက်ဆည်မြို့ ပြည်လုံးနိုင်ရပ်ကွက် ရန်ကုန် - မန္တလေးလမ်း ဘေးမှာ အလီဘိုင် (ခ) မင်းခန့်ကျော်၊ အောင်သူဟိန်းနဲ့ မင်းချစ်အောင်တို့ က သန့်ဇင်မင်းနဲ့ နေမင်းထက် တို့ကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြပြီး နေမင်းထက်ကို ဓားဖြင့်ထိုးခဲ့တာကြောင့် ကျောက်ဆည်ဆေးရုံကို တင်ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။
ဝိုင်းဝန်းထိုးကြိတ်တဲ့အတွက် သန့်ဇင်မင်းက ဝင်ရောက်တားဆီးရာ အမည်မသိ လူ (၃) ဦးက သန့်ဇင်မင်းနဲ့ နေမင်းထက် တို့ကို ခြေထောက်နဲ့ ကန်ကြောက် ထိုးကြိတ်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့ပါတယ်။
ဒီအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အလီဘိုင် (ခ) မင်းခန့်ကျော် (၂၁) နှစ် ၊အောင်သူဟိန်း (၂၀) နဲ့အတူ မင်းချစ်အောင် (၁၉) နှစ်တို့ကို ကျောက်ဆည်မြို့မရဲစခန်းမှာ (ပ) ၇၃၁/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၁၄/၃၉၄ အမှုဖွင့်ထားပြီး ရုံးချိန်းကို အခုလာမယ့် စက်တင်ဘာလ ၂၇ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။