ကုလသမဂ္ဂ ယူနက်စကိုက မြန်မာကို ကူညီမည်
DVB
·
August 9, 2012
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အထွေထွေ ညွှန်ကြားရေးမှူး အီရီနာဗိုကိုဗာက မြန်မာပြည်ကို အသက်မွေးဝမ်းကျောင်းပညာ သင်တန်းတွေနဲ့ မီဒီယာလောကသားတွေရဲ့ စွမ်းရည်မြှင့်တင်ရေးမှာ ကူညီမယ်လို့ ပြောပါတယ်။
ဩဂုတ် ၇ ရက်နေ့က နေပြည်တော်မှာ ဦးသိန်းစိန် အပါအ၀င် ၀န်ကြီး ၅ ဦးနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ယူနက်စကိုက ကတိက၀တ် ပြုထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာ ပူးပေါင်းဆောင်ရွက်မယ် ဆိုတာကို ထပ်မံအတည်ပြုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပညာရေး၊ ယဉ်ကျေးမှုနဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ဆွေးနွေးမှုတွေကို ပူးပေါင်း လုပ်ဆောင်မယ်လို့လည်း သူမက အခိုင်အမာ ပြောဆိုပါတယ်။
သမ္မတက နိုင်ငံသားတိုင်း စာတတ်မြောက်ဖို့၊ အဆင့်မြင့်ပညာ သင်ယူနိုင်ဖို့နဲ့ အလုပ်အကိုင်တွေ ဖန်းတီးနိုင်ဖို့တွေကိုလည်း လုပ်ဆောင်ဖို့ လိုသလို ပညာရေးကျန်းမာရေးနဲ့ တခြားအခြေခံ လိုအပ်ချက်တွေကလည်း ပြန်လည် ထူထောင်တည်ဆောက်ရေးလုပ်ငန်းရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ ပြန်ပြောပါတယ်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေဖြစ်တဲ့ ပျူနဲ့ ပုဂံမြို့ဟောင်းတွေ ထိန်းသိမ်းတဲ့ လုပ်ငန်းတွေမှာလည်း အကူအညီပေးဖို့ ဦးသိန်းစိန်က ယူနက်စကိုကို တောင်းဆိုခဲ့ပါတယ်။
ပညာရေးကို ပထမ ဦးစားပေးလုပ်ဆောင်ပြီး တိုင်းပြည်ကို ပွင့်လင်း ခေတ်မီစေတဲ့ သမ္မတရဲ့ ခံယူချက်ကို ချီးကျူးတဲ့အကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်တာ လူ့အခွင့်အရေး ပညာရေးကို ပိုမိုတိုးတက်အောင် လုပ်ဆောင်တာတွေမှာလည်း ထောက်ခံတယ်လို့ မစ္စစ် ဗိုကိုဗာက ဦးသိန်းစိန်ကို ပြောပါတယ်။
ယူနက်စကိုအနေနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းအတွက် အတတ်နိုင်ဆုံး ကူညီမှာ ဖြစ်သလို ပုဂံနဲ့ပျူယဉ်ကျေးမှု အမွေအနှစ် ထိန်းသိန်းရေးအတွက် ဆန္ဒရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံကို နည်းပညာအကူညီပေးဖို့ ယူနက်စကိုက စိတ်ထက်သန်နေပြီး ရေသန့်ရှင်းရေးစီမံခန့်ခွဲမှု အတွေ့အကြုံတွေ မျှဝေပေးမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ မီဒီယာသမားတွေ စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
ဝန်ကြီးတွေကလည်း ရွှေ့ပြောင်းနဲ့ ဒုက္ခသည်တွေအတွက် စာတတ်မြောက်ရေးနဲ့ တခြားစွမ်းရည်တွေကို ထောက်ပံ့ပေးဖို့၊ ဆရာတွေရဲ့ အရည်အသွေးမြင့်တင်ရေး၊ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ နည်းပညာနဲ့ ငွေကြေး အကူအညီထောက်ပံ့ဖို့တွေ တောင်းဆိုခဲ့ပါတယ်။ ဆရာဖြစ်သင်တန်းတွေ၊ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာ ဆရာဖြစ်သင်တန်းတွေ ချက်ချင်းလက်ငင်း ကူညီပေးဖို့ တောင်းခံခဲ့ပါတယ်။
ယူနက်စကို အထွေထွေညွှန်ကြားရေးမှူးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
စာပေတတ်မြောက်ရေး၊ ယဉ်ကျေးမှု အမွေအနှစ်နဲ့ ကွဲလွဲတဲ့ ယဉ်ကျေးမှုတွေကို လေးစားဖို့၊ တိုင်းပြည်အတွင်း စာတက်မြောက်မှု အခြေအနေကို ထင်ဟပ်နိုင်တဲ့ တိကျတဲ့ အချက်အလက်တွေ လိုအပ်တာတွေ၊ အထက်တန်းပညာ တ၀က်တပျက်နဲ့ ကျောင်းထွက်ရတာတွေကို ကုစားဖို့နဲ့ ပညာရေးဟာ တွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ ယဉ်ကျေးမှုကို တည်ဆောက်ရာမှာ အခရာကျတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။