Home
မြန်မာသတင်း
အသားငါးဈေးနှုန်း ကြီးမြင့်မှုထိန်းချုပ်ရန် သားသတ်လိုင်စင်များပိုချပေးမည်
အာကာ
·
September 13, 2018
အသား၊ငါးစတဲ့ အခြေခံစားသုံးကုန် ဈေးနှုန်းတွေ ကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့ သားသတ်လိုင်စင်တွေ တိုးမြှင့်ခွင့်ပြုသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောပါတယ်။ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းရဲ့ သားသတ်လိုင်စင်အရေအတွက် တိုးမြှင့်ခွင့်ပြုပေးဖို့ အစီစဉ်ရှိမရှိ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။ မြို့တော်ဝန် ဦးမောင်မောင်စိုးက “များများမွေးမြူနိုင်ပြီး အသားများများထုတ်နိုင်လို့ရှိရင် အလိုလို ဈေးနှုန်းကိုလည်း ထိန်းနိုင်ပါတယ်။ ၂၀၁၈ ခု ၆ လ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့နေ လူထုစားသုံးရန် အသားထုတ်လိုင်စင် ကျွဲနွားအတွက်ကို ၄၃ ဦးပေးထားပါတယ်။ အသားထုတ်လုပ်ခွင့်လိုင်စင် သိုးဆိတ် ၁၁ ဦးပေးပြီးတော့ အသားထုတ်လုပ်ခွင့်လိုင်စင် ၀က်ကိုတော့ ၃၉ ဦး လိုင်စင်ချထားလုပ်ကိုင်ခွင့် ပေးခဲ့ပါတယ်။” ရန်ကုန်မြို့မှာနေထိုင်တဲ့ လူဦးရေ ၆ သန်းဟာ နေ့စဉ် ငါး၊ ပုဇွန်နဲ့ အသားစားသုံးမှု ၇၀ ရာခိုင်နှုန်း၊ ကြက်သား ၁၀ ရာခိုင်နှုန်း၊ ဝက်၊ အမဲ၊ သိုး၊ ဆိတ် စားသုံးမှုက ၂၀ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက “ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ငါးပုဇွန်နဲ့ အသားမှာ ငါးက ဈေး အသက်သာဆုံး ဖြစ်ပါတယ်။ ဒါက လိုင်စင် မလိုအပ်လို့ပါ။ အသားက လိုင်စင်နဲ့ထိန်းချုပ်ထားတဲ့ အတွက် ဈေးတွေလဲ မြင့်တက်ရတာလို့ သုံးသပ်ရပါတယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ လိုင်စင်စနစ်ကို ပယ်ဖျက် နိုင်မယ်ဆိုရင် ပြည်သူတွေ ဈေးသက်သက်သာသာနဲ့  စားသုံးနိုင်မှာ ဖြစ်ပါတယ်”လို့  ဆိုပါတယ်။ စားသုံးမှုလိုအပ်ချက်အနေနဲ့ ကတော့ ရန်ကုန်တိုင်းမှာ ၁ ရက်ကို ငါးပုဇွန် ပိသာ၄၂၀၀၀၀၊ ကြက်ကောင်ရေ ၇၅၀၀၀၊ ဝက်ကောင်ရေ ၁၈၀၀၊ အမဲကောင်ရေ ၂၄၀၊ သိုးဆိတ် ကောင်ရေ ၆၀၀ နဲ့ အသားစားသုံးမှုမှာ ဝက်သားစားသုံးမှုက အများဆုံးဖြစ်တယ်လို့ မြို့တော်ဝန် ဖြေကြားသွားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ကြက်သားများ ကျန်းမာရေးနဲ့ ညီညွတ်စွာ ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက် ကြက်သားထုတ် စက်ရုံတွေ တည်ထောင်ပေးဖို့ အစီစဉ်ရှိမရှိ မေးမြန်းချက်နဲ့ပတ်သက်ပြီးလည်း ရန်ကုန်တိုင်းထဲမှာ ကြက်သားထုတ်လုပ်တဲ့ စက်ရုံတွေ တည်ထောင်ဖို့ စီစဉ်နေသလို ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်တွေရဲ့ ကမ်းလှမ်းမှုတွေ ရှိနေတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ အသားထုတ်လုပ်တာကို လိုင်စင်မဲ့ ခွင့်ပြုလိုက်ရင် လူနဲ့ လယ်ထွန်ရတဲ့ဘဝ ရောက်သွားမယ်လို့ လည်း ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024