ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ ရခိုင်အရေး ဆွေးနွေး
DVB
·
September 13, 2018
ဗီယက်နမ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုခိုနိုနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ တွေ့ဆုံဆွေးနွေးပါတယ်။
ဟနွိုင်းမြို့ရှိ ဒေဝူးဟိုတယ်မှာ မနေ့မွန်းလွဲပိုင်းက တွေ့ဆုံရာမှာ လာမယ့် အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးကိစ္စ၊ ရခိုင်ပြည်နယ်အရေး ဂျပန်အစိုးရက အပြုသဘော ဆက်လက် အကူအညီ အထောက်အပံ့ ပေးသွားမယ့်ကိစ္စနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာမှာ ဆက်လက်ပူးပေါင်း ဆောင်ရွက်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။
တွေ့ဆုံပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်နိုင်ငံမှာ လက်ခံကျင်းပနေတဲ့ အာဆီယံဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့ တခြားဆက်စပ် အစည်းအဝေးတွေကို တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။