Home
မြန်မာသတင်း
နယ်စပ်မှ မူးယစ်ဆေး ဆက်စပ်ပစ္စည်းဝင်ရောက်မှု မထိန်းချုပ်နိုင်ဟု ပြည်ထဲရေး ၀န်ခံ
နေဖြိုးဝင်း
·
September 12, 2018
41543103_2267782189903454_2516899677824090112_o
နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်တွေကနေ မူးယစ်ဆေးဆက်စပ်ပစ္စည်းတွေ ၀င်ရောက်မှု မထိန်းချုပ်နိုင်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမှာ စိန်ခေါ်မှုတွေရှိနေတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်တာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို အရင်ကထက် ပိုမိုဖော်ထုတ် ဖမ်းဆီးနိုင်ပေမယ့် အခုလို နယ်စပ်ဝင်ပေါက်ထွက်ပေါက်တွေက ၀င်ရောက်မှုကို မထိန်းချုပ်နိုင်လို့ စိန်ခေါ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ပြောဆိုလိုက်တာပါ။ စက်တင်ဘာ ၁၂ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မန္တလေးတိုင်း ဒေသကြီးမဲဆန္ဒနယ်က ဦးထွန်းထွန်းဦးမေးတဲ့ စိတ်ကြွမူးယစ်ဆေးပြားတွေကို မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားမှာ ဈေးသက်သာစွာနဲ့ အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်တဲ့ အခြေအနေ တွေ ဖြစ်နေတာကို ထိရောက်စွာ တားဆီးနှိမ်နင်းဖို့ စီမံဆောင်ရွက်မယ့် အစီအစဉ်ရှိ မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုတာပါ။ "နယ်စပ်ဝင်ပေါက် ထွက်ပေါက်တွေကို အပြည့်အ၀ထိန်းချုပ်ဖို့ ခက်ခဲတဲ့အတွက် Precursor တွေ ၀င်ရောက်တာကို အပြည့်အ၀ မထိန်းချုပ်နိုင်လို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးမှာလည်း စိန်ခေါ်မှုတွေ ဖြစ်ပေါ်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်"လို့ ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဓာတုပစ္စည်းတွေအပြင် ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာ တွေပါမကျန် နယ်စပ်ဝင်ပေါက်တွေက ၀င်ရောက်နေတာကို တပ်မတော်၊ နယ်စပ်ကုန်သွယ်ရေး၊ အကောက် ခွန်ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ၂၀၁၈ခုနှစ်မှာ ပရီကာဆာနဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ဖမ်းဆီး ရမိတာ ၂၇မှု၊ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၂သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာ UNODC ရဲ့ အစီရင်ခံစာ အရ၂၀၁၅ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ၅၅၅၀၀ ဟက်တာရှိရာမှ ၂၀၁၇ ခု နှစ်မှာ ၄၁၀၀၀ ဟက်တာအထိ ကျဆင်းခဲ့လို့ ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့သလို ဘိန်းထုတ်လုပ်မှုမှာလည်း ၂၀၁၅ ခု နှစ်မှာ ၆၄၇ မက်ထရစ်တန်ရှိရာကနေ ၂၀၁၇ ခုနှစ်မှာ ၅၅၀ မက်ထရစ်တန်သို့ ကျဆင်းခဲ့လို့ ၁၄ ရာခိုင်နှုန်းကျ ဆင်းခဲ့တယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024