Homeမြန်မာသတင်း
ပလောင်လူမျိုးများအား လူသားစားမျိုးနွယ်ဟု စွပ်စွဲသူကို ထောင် ၂ နှစ်ချနိုင်သည့် ဥပဒေဖြင့် တရားစွဲရန်ပြင်
ပလောင်လူမျိုးများအား လူသားစားမျိုးနွယ်ဟု စွပ်စွဲသူကို ထောင် ၂ နှစ်ချနိုင်သည့် ဥပဒေဖြင့် တရားစွဲရန်ပြင်
အောင်ဆန်းဦး
·
September 12, 2018
တအာင်း(ပလောင်)ကို လူသားစားမျိုးနွယ်ဟု စွပ်စွဲသူကို ထောင် ၂ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေနဲ့ ထက်တိုးတရားစွဲဖို့စီစဉ်နေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက ဒီဗွီဘီကို ပြောပါတယ်။
တအာင်း(ပလောင်)မျိုးနွယ်စုကို လူသားစားမျိုးနွယ်ဟု စွပ်စွဲပြောကြားပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်မှာ ဗီဒီယိုဖိုင်နဲ့ Live လွှင့်ခဲ့တဲ့ အကောင့်ပိုင်ရှင်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တဲ့ တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ဥပဒေနဲ့ ထက်တိုးတရားစွဲပေးဖို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို တိုက်ကြားထားတာပါ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက "တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနက စာပြန်တယ်။ တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်ပေးရေး ဥပဒေနဲ့ တရားစွဲမယ်ဆိုရင် ခွင့်ပြုချက်ကို အမြန်ဆုံး ထုတ်ပေးသွားမယ်လို့ပြောတယ်။ ခက်တာက ဥပဒေပဲရှိတယ်။ နည်းဥပဒေမထွက်သေးဘူး။ အဲတော့ ဘယ်သူ့မှာတာဝန်ရှိဆိုပြီး တိတိကျကျမရှိဘူးဖြစ်နေတယ်။ အဲတော့ ဆက်သွယ်ရေး ဥပဒေနဲ့ ယခင်တရားစွဲဆိုထားတဲ့ အမှုမှာ တိုင်းရင်းသား လူမျိုးများဥပဒေနဲ့ ထက်တိုး တရားစွဲ ပေးဖို့ ဝန်ကြီးဌာနကို တနင်္လာနေ့က အမစာပို့ထားတယ်။"
အဆိုပါ ဥပဒေမှာက ပြစ်မှုပြစ်ဒဏ်ပိုင်းကို ၂ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ကိုဖြစ်စေ ၂ သိန်းထက်မပိုတဲ့ ငွေဒဏ်ကို ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။
ရုပ်သံ Liveလွှင့်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ကို တည်ဆဲဥပဒေတွေနဲ့ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေအပါအဝင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့ကိုလည်း တိုင်ကြားစာ ပေးပို့ထားတယ်လို့လည်း ဒေါ်နန်းမိုးက ဆိုပါတယ်။
"သာသနာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့က ဖြစ်စဉ် အပေါ် လက်ခံနိုင်ခြင်းမရှိဘဲ လိုအပ်သလိုကူညီသွားမယ်။ အရေးယူသွားမယ်လို့ အကြောင်းပြန် ပါတယ်။ ပြည်ထဲရေးကတော့ အကြောင်းမပြန်သေးဘူး။ လွှတ်တော်ဥက္ကဋ္ဌကလည်း ဒီကိစ္စကို လက်မခံနိုင်ဘူး။ စောင့်ကြည့်နေတယ်။ ဝန်ကြီးဌာနတွေက လုပ်ဆောင်မပေးရင် ဥက္ကဋ္ဌက သူလုပ်ပေးမယ်လို့ပြောထားတယ်။"
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ မက်မွန်လောင်း ကျေးရွာရှိ တအာင်း (ပလောင်) တိုင်းရင်းသားတချို့ လမ်းမပေါ် ညဘက်သွားလာနေသူများကို Yuri Miko အမည်ရှိ ဖေ့စ်ဘွတ်သုံးစွဲသူ အမျိုးသမီးတဦးက သရဲ၊ သဘက်၊ ကြတ် စသဖြင့် လူသားစားသည့် မျိုးနွယ်စုဟု ပြောကြားပြီး ဩဂုတ် ၁၈ရက်ညပိုင်းက လူမှုကွန်ရက်မှာ Live လွှင့်ခဲ့တာပါ။