A d v e r t i s e m e n t With Us

ရန်ကုန်ကောလိပ်ကျောင်းအုပ်ကြီး မက်သရူးဟန်းတား (သုတကဖေး)

ဓာတ်ပုံ - Yangon Timemachine
အချိန်ကား ၁၉၂၀ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့။ ကျောင်းသားများစုဝေးရာ ခန်းမထဲမှာတော့ လက်ခုပ်သြဘာသံ တဖြောင်းဖြောင်းနဲ့ ကျောင်းအုပ်ကြီးရဲ့ ကြေညာချက်ကို ဝမ်းမြောက်ဝမ်းသာ ကြိုလိုက်ကြတယ်။ ကျောင်းအုပ်ကြီးက မစ္စတာဟန်းတား (Mr.Matthew Hunter) ပေါ့။ သူ့ကြေညာချက်က “ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း။ မြန်မာနိုင်ငံဘုရင်ခံ ကရက်ဒေါက်နဲ့ အိန္ဒိယဘုရင်ခံချုပ်တို့လည်း သဘောတူ အတည်ပြုလိုက်ပြီဖြစ်ကြောင်း” တို့ကို ကြေညာလိုက်တာပါ။ ဥရောပသားတွေနဲ့ ကပြား ကျောင်းသားတွေကတော့ ဝမ်းမြောက်ဝမ်းသာပဲ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို လက်ခံကြပါတယ်။ တပြိုင်တည်းလိုလိုမှာပဲ ရန်ကုန်ရှိ ဂျူဗလီဟော ခန်းမထဲမှာတော့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို လက်မခံနိုင်ကြောင်း ကန့်ကွက်ပွဲကြီးကလည်း ခြိမ့်ခြိမ့်သဲသဲပါပဲ။ လက်ပံတန်းအမတ် ဦးလူကြီး ဆိုသူကလည်း “ပညာမင်းကြီး မတ်ဟန်းတားဟာ အမိန့်စာအမျိုးမျိုးထုတ်ပြီး မြန်မာကျောင်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်နေကြာင်း၊ ဘာသာ သာသနာကိစ္စကို စော်ကားမော်ကား ပြုလုပ်သူဖြစ်ကြောင်း၊ ဒါ့အပြင် ကျောင်းသားများကို သတင်းစာများ ကျောင်းကိုယူလာခွင့် မပြုကြောင်း၊ ပိတ်ပင်သူဖြစ်ကြောင်း၊ ဒါကြောင့် ပညာမင်းကြီး မတ်ဟန်းတားကို မြန်မာပြည် ပညာရေးမင်းကြီးအဖြစ် မထားသင့်ကြောင်း ရာထူးမှ ဖယ်ရှားပေးစေလိုကြောင်း” ကန့်ကွက်ကြပြန်ပါတယ်။ တကယ်တော့ မြန်မာပြည်မှာ တက္ကသိုလ်တခုရဖို့ဟာ လွယ်လွယ်နဲ့ ဖြစ်လာခဲ့တာတော့ မဟုတ်ဘူး။ ၁၈၈၀ ကတည်းက မြန်မာနိုင်ငံ ပညာရေးဆင်ဒီကိတ် ဥက္ကဋ္ဌ ဂျာဒင်း (Jar Dine) က မြန်မာနိုင်ငံမှာ သီးခြားတက္ကသိုလ်တခု ရှိသင့်ကြောင်း စတင်အဆိုပြုခဲ့တာ။ ၁၈၉၆ မှာတကြိမ် ကျောက်စာဝန်တော်စိန်ခိုက ထပ်မံအကြံပြုပြန်ပါတယ်။ အဲ့လို အကြိမ်ကြိမ် အထပ်ထပ် ပြောတော့မှ ၁၉၁၁ ထဲမှာ ပညာရေးအဖွဲ့ငယ်တခုဖွဲ့ပြီး ဟိုဗာတန်ဦးစီးပြီး တက္ကသိုလ်အက်ဥပဒေ မူကြမ်း ရေးဆွဲရတာ။ ပြီးမှ အစိုးရအဖွဲ့ထံကို တင်သွင်း အတည်ပြုချက် ရယူရတာ။ အဲ့ဒီဥပဒေရေးဆွဲရေးမှာ ပညာမင်းကြီး မတ်ဟန်းတားလည်း ပါဝင်ခဲ့တာကိုး။ ဒါ့အပြင် ၁၉၂၀ မှာလည်း မတ်ဟန်းတားက တက္ကသိုလ်အက်ဥပဒေကို အဆိုတင်ပြီး ဦးမေအောင်က ထောက်ခံတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရေးသမားတွေက ကန့်ကွက်ကြတာပါ။ ဒီမှာ သတိပြုရမယ့်အချက်က ဟန်းတားနှစ်ယောက် ဖြစ်နေခြင်းပဲ။ ဌာနတခုတည်းမှာ နာမည်တူနှစ်ယောက် ဖြစ်နေလေတော့ သုံးသပ်ချက် မှားယွင်းသွားနိုင်တယ်။ မှားယွင်းခဲ့ကြတာတွေလည်း တွေ့ရပါတယ်။ ပညာရေးဌာန တခုတည်းမှာ နာမည်တူနေတာကိုး။ စာရေးသူကိုယ်တိုင်လည်း မျက်စိလည်ခဲ့ဘူးတယ်။ အောင်ခင်ရေးတဲ့ The Birth of Rangoon University ဆိုတဲ့ဆောင်းပါးမှာ “On the August 1918, the Lieut Governor appointed the Burma University committee consisting of Sir D.h.r Towmey President of the Syndicate –chairman Mr.Mark Hunter, Director Of Public Instruction – Vice Chairman, Mr Matthew Hunter, Principle of Rangoon College ဆိုတာတွေ့တော့မှ ပညာမင်းကြီး မတ်ဟန်းတားနဲ့ ကျောင်းအုပ်ကြီး မက်သရူးဟန်းတား နှစ်ယောက်ဖြစ်နေကြောင်း သဲသဲကွဲကွဲ သိသွားရတာပါ။ ဒီနှစ်ယောက်အကြောင်း ကွဲပြားအောင် ရေးပြရတာက ပညာမင်းကြီးအပေါ် မြန်မာလူထု မကျေနပ်မှု ကြီးမားနေတဲ့ဂယက်က ကျောင်းအုပ်ကြီး မက်သရူးဟန်းတားအပေါ် အကောက်ယူ လွဲမသွားစေချင်တာလည်း ပါတယ်။ ဒီလွဲမှားမှုကြောင့် နှောင်းကာလ ကျောင်းသားနဲ့ ဆရာကြား ဆက်ဆံရေး အကောက်အယူပါ လွဲသွားမှာကို စိုးရိမ်လို့ ရေးလိုက်တာပါ။ တကယ်တော့ ကောလိပ်ကျောင်းအုပ်ကြီး မက်သရူးဟန်းတားဟာ ကျောင်းသားအပေါ်မှာ အလွန်စေတနာထားသလို ချစ်ခင်စိတ်ကြီးသူတယောက်ပါ။ ကိုလိုနီခေတ်ကာလ ဆရာတပည့် ဆက်ဆံရေးမှာ နှစ်ဦးနှစ်ဖက်စလုံးဟာ လူကြီးလူကောင်းဆန်တဲ့ ဆက်ဆံရေးကို တွေ့မြင်ရပါတယ်။ ရန်ကုန်ကောလိပ်ကို တက္ကသိုလ်အဖြစ် မသတ်မှတ်ခင် ကာလကတည်းက မက်သရူးဟန်းတားဟာ ကောလိပ်ကျောင်းအုပ်ကြီးအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်သူထဲမှာ သူဟာ ကျောင်းဆရာတယောက်အဖြစ်နဲ့ ပါဝင်ခဲ့တာပါ။ သူ ကောလိပ်ကျောင်းအုပ်အဖြစ် ရောက်လာပြီး နှစ်များစွာ မကြာခင်မှာပဲ ကောလိပ်ကျောင်းကို ဆောက်ပြီး စနစ်တကျဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ရတာပါ။ အဲ့ဒီတုန်းက ရန်ကုန်ကောလိပ်ဆိုတာ အခု လသာ ၂ အထက်တန်းကျောင်းနေရာပါ။ အဲ့ဒီကနေ အဆုတ်ဆေးရုံနေရာကို ပြောင်းရွှေ့ပြီး ကောလိပ်ကျောင်းဆောင်ဖြစ်အောင် အစပျိုးခဲ့ရသူပါ။ အခု ဆေးရုံကြီးရှေ့ နေရာပေါ့။ တိုးချဲ့ဆောင်တွေပါ ဆောက်ပြီး ကောလိပ်ကျောင်းသားတွေကို အဆောင်မှာ နေစေခဲ့တယ်။ သူ့ကာလက စတင်လို့ ကျောင်းသားကိုယ်စားလှယ်ကောင်စီတွေ ဖွဲ့ပေးခဲ့ပြီး ကျောင်းသားအရေး ဆောင်ရွက်စေသလို စာပေနဲ့ ဒီဘိတ်အသင်းတွေဖွဲ့ပြီး ကျောင်းသားတို့ရဲ့ အဆင့်ကို မြှင့်တင်စေခဲ့ပါတယ်။ ဒါ့အပြင် ၁၉၁၃ ခုနှစ်ထဲမှာပဲ ရန်ကုန်ကောလိပ်မဂ္ဂဇင်း အမှတ် ၁ ကို ထုတ်ဝေစေခဲ့ပြီး သူကိုယ်တိုင် အမှာစာရေး ချီးမြှင့်ခဲ့တယ်။ သူရေးသားပြီး ကျောင်းသားတွေကို သြဝါဒပေးခဲ့တာက… “တိုင်းပြည်လူငယ်တို့၏စိတ်၌ မိမိကိုယ်ကျိုးထက် တိုင်းပြည်အကျိုး ထမ်းဆောင်ရမည့် တာဝန်ကြီးသည်ဟု စွဲမြဲထားရပေမည်။ မိမိ ဘယ်ဘဝရောက်ရောက် ရောက်ရာဘဝ ပတ်ဝန်းကျင် မိတ်သဟာတို့ သာယာရွှင်လန်းအောင်  ဖန်တီးပေးရမည်။ ယင်းသို့ လက်တွေ့လုပ်ခြင်းသည် စာမျက်နှာအများ ဖြုန်း၍ ဆောင်းပါးရေးခြင်းနှင့် လူစုလျက် လေကုန်ခံ၍ တရားဟောခြင်းထက် အရာရောက်၏။ တရားအဟောကောင်းလျှင် နားထောင်၍ကောင်းသည်ကား မှန်၏။ သို့သော် စွဲမြဲနာယူ မှတ်သားကြမည် မဟုတ်ချေ။” လို့ မှာတမ်းပြုခဲ့တယ်။ ကောလိပ်ကျောင်းထွက် လူငယ်တွေကို မိမိကိစ္စထက် တိုင်းပြည်တာဝန်က ကြီးကြောင်း သိရှိလိုက်နာစေလိုဟန် ရှိပုံပါပဲ။ အမှတ် ၂ ရန်ကုန်တက္ကသိုလ်စာစောင်အရ ဆိုရင် ၁၉၀၀ ပြည့်နှစ်မှာ ကောလိပ်ကျောင်းဆောင်တွေ ဆောက်ပြီးကြောင်း။ ၁၉၁၃ မှာ လောကဓာတ် ဓာတ်ခွဲရုံ (ဓာတုဗေဒ လက်တွေ့စမ်းသပ်ခန်း) ကျောင်းစမှ အလွတ်ဖြစ်တဲ့ စကားရည်လုပွဲနဲ့ အားကစားကိုပါ လုပ်ဆောင်စေကြောင်းတို့ ပါရှိပါတယ်။ လျှပ်စစ်မီးကိုလည်း အခုနှစ်ကစပြီး ထိန်ထိန်ညီးအောင် ထွန်းပေးထားကြောင်းတို့ကိုလည်း တွေ့ရတယ်။ စကားရည်လုပွဲနဲ့ လူမှုရေး အဖွဲ့အစည်းတို့ကို အားပေးထားပုံ၊ ဆရာ ကျောင်းသား ဆက်ဆံပုံတို့ကို ကြည့်ပြီး ဆရာ ဒေါက်တာသန်းထွန်းက “အမျိုးသားလွတ်မြောက်ရေးနှင့် ပါလီမန်ဒီမိုကရေစီတို့ကို မြန်မာကျောင်းသားများ နားလည်လာအောင် နှေးနှေးမြန်မြန် သင်ကြားလိုဟန်ရှိသည်ဟု ဆိုချင်ပါသည်” လို့ သုံးသပ်ထားပါတယ်။ စကားရည်လုပွဲကိုတော့ အင်္ဂလိပ်ဆရာများကလည်း ပါလီမန်ဒီမိုကရေစီရဲ့ အခြေခံသင်တန်းအဖြစ် ခံယူခဲ့ကြတယ်လို့ သိရတယ်။ ဒါတွေက ကျောင်းအုပ်ကြီး မက်သရူးဟန်းတားရဲ့ လုပ်ဆောင်ချက်တွေပါ။ ကျောင်းအုပ်ကြီး မက်သရူးဟန်းတားအပေါ် သူ့ကျောင်းသားတို့ အမြင် “ကျောင်းအုပ်ကြီး မက်သရူးဟန်းတားသည် ဘောလုံး အလွန်ဝါသနာပါသည့်အလျောက် ကောလိပ်ကျောင်း ဝင်ခွင့်ပုံစံ (Admission Form) မှာ ဘောလုံးကစားတတ်သလား။ ကစားဖူးရင် ဘယ်အဆင့် ဘယ်ကျောင်းဆိုတာ ဖော်ပြပေးရတယ်။ ဆရာကြီးဟာ ဘောလုံးပွဲကို ကိုယ်တိုင် လေ့ကျင့်ပွဲတွေ လုပ်ပေးပြီး လူကိုလည်း ကိုယ်တိုင်ရွေးချယ် အားပေးလေ့ရှိတယ်။ ကျောင်းတွင်းမှာလည်း ကလပ်အသင်းတွေ ဖွဲ့ပေးပြီး နေ့စဉ် လေ့ကျင့်ပေးလေ့ရှိတယ်။ ဒါကြောင့်လည်း ဘီအေအေ (အောင်ဆန်းကွင်း) မှာ ဘောလုံးပြိုင်ပွဲဝင်တိုင်း ကောလိပ်ကျောင်းက ပထမရခဲ့တာပဲ” လို့ ၁၉၂၀ ကျောင်းသားတဦးက ရေးသား မှတ်တမ်းပြုခဲ့တယ်။ အခြားသော သပိတ်မှောက်ကျောင်းသားတဦးကတော့ “မက်သရူးဟန်းတားသည် ကျောင်းသားတဦး၏ အရည်အချင်းကို လေ့လာရာ၌ ထိုကျောင်းသား၏ လူမှုရေးလှုပ်ရှားမှုကို အရည်အချင်းတခု အနေဖြင့် ထည့်သွင်းသုံးသပ်လေ့ရှိတယ်။ ဥပမာအားဖြင့် အားကစားရေး၊ ကျောင်း၌ အသင်းအဖွဲ့လုပ်ငန်းများ၊ စကားရည်လုပွဲများ၊ ကျောင်းသား ပျော်ပွဲရွှင်ပွဲများ အစရှိသည်တို့တွင် တက်တက်ကြွကြွ ဆောင်ရွက်တတ်ခြင်းကို မှတ်သားပြီး ကျောင်းထွက်၍ အလုပ်တခုခုအတွက် ထောက်ခံသောအခါ ထိုအရည်ချင်းများကို ဖော်ပြ ထောက်ခံလေ့ရှိသည်” လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကျောင်းသားတွေက သူ့ကို ချစ်ခင်ကြတယ်လို့ ပြောကြပါတယ်။ ဆရာကြီးဟန်းတားအပေါ် ကျောင်းသားချစ်ခင်စိတ်နဲ့ ဆရာကြီးရဲ့ စည်းရုံးစကား ပြောဆိုမှု အရည်အချင်းကို သိတဲ့ ကျောင်းသားတယောက်ကတော့ သပိတ်မှောက်မယ့်ရက် မတိုင်မီ ဆရာကြီးက ကျောင်းသားတွေကို ခေါ်ယူတွေ့ဆုံမယ် ကြားတော့ ဆရာကြီး ကျောင်းသားတွေကို မစည်းရုံးမီ သပိတ်မှောက်ရက်ကို ပြောင်းရကြောင်း ပြောရင်း ဆရာကြီးအကြောင်းကို “ဆရာဟန်းတား၏ ကျောင်းသားများသည် သူ့အလိုသို့ ပါရှိအောင် ဆွဲဆောင်ပြောဆိုတတ်သည့် သတ္တိကို သိပြီးဖြစ်ရကား များစွာပင် စိတ်လေသွားတော့၏” လို့ ဆိုခဲ့တယ်။ ၁၉၁၇ ခုနှစ် အိန္ဒိယဘုင်ခံချုပ် ချမ်းစဖို့ မြန်မာနိုင်ငံ လာရောက်စဉ်က ကျောင်းသားများအား ကြိုဆိုဖို့ စီစဉ်တာကို မကျေနပ်လို့ ကျောင်းသားတွေက ဆန္ဒပြဖို့ ကြံစည်ကြတယ်။ ဒါကို ဆရာကြီးသိသွားတော့ ကျောင်းသားတွေကို ခေါ်ယူစုဝေးပြီး “ဒီလိုအစီအစဉ်ကို ဆရာကြီးကိုယ်တိုင် စီစဉ်ရသည် မဟုတ်ရကြောင်း၊ အစိုးရမင်းများရဲ့ စီစဉ်မှုသာဖြစ်ကြောင်း၊ ဆရာလည်း လွန်ဆန်လို့မရကြောင်း၊ ဒါ့ကြောင့် ဆရာ့ကို ချစ်ခင်နှစ်သက်ကြပါက သည်းညည်းခံ၍ ကြိုဆိုပွဲကို တက်ရောက်ကြပါရန် ပြောတယ်။ အဲ့ဒီမှာ သပိတ်မှောက်ဖို့ တိုင်ပင်ထားတဲ့ ကျောင်းသား ငါးပုံလေးပုံ ပါသွားကြောင်း” တို့ကို ပြန်ပြောင်းပြောပြခဲ့တယ်။ အဲ့ဒီခေတ်က ကျောင်သားတွေက ဆရာကြီးကို အဲ့သလောက်ထိ ချစ်ခင်ကြတယ်လို့ ဆိုပါတယ်။ ဆရာကြီးဟာ လူပျိုကြီးဖြစ်တာကြောင့်လားမသိ တပည့်တွေအပေါ်မှာ အတော်ချစ်ခင်ပြီး သံယောဇဉ်ကြီးတယ်လို့ ဆိုတယ်။ ၁၉၂၀ ပထမအကြိမ် ကျောင်းသားသပိတ်ဖြစ်တော့ ဆရာကြီးဟာ အတော်စိတ်မကောင်းဖြစ်ပြီး ကျောင်းသားများရှိရာ သပိတ်စခန်းကို သွားရောက်ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဆရာကြီးဟာ သပိတ်စခန်းမှာ “တပည့်တို့ ပညာရေးတွေ ပျက်ကုန်လိမ့်မယ်။ ကျောင်းကိုပြန်လာပြီး ပညာသင်ရင်း မင်းတို့နစ်နာချက်ကို တောင်းပါလို့ ပြောတော့ ကိုမြင့်ဆိုတဲ့ ကျောင်းသားက ဆရာကြီးကို အတိုက်အခံလုပ်ပြီး မပြောလိုပါ။ ကျနော်တို့ဟာ အစိုးရကို တိုက်နေခြင်းသာဖြစ်တယ်။ ဆရာများနဲ့ ကောလိပ်ကို သပိတ်မှောက်နေခြင်းမဟုတ်။ ဆရာကြီး ကျေးဇူးပြုပြီး ပြန်ပါတော့လို့ပြောရင်း ကိုမြင့်က ငိုချလိုက်တော့ ဆရာကြီးလည်း ဝမ်းနည်းစွာနဲ့ပဲ ပြန်သွားပါတော့တယ်” လို့ ၁၉၂၀ သပိတ်မှောက်ကျောင်းသားတဦးဖြစ်တဲ့ အညတြဆိုသူက မှတ်တမ်းတင် ရေးသားခဲ့ပါတယ်။ တင်မောင်ဆိုတဲ့ ကျောင်းသား အပြောကတော့ အဲ့လိုပြောပြီး ကျောင်းသားတွေက ဆရာကြီးကို လက်အုပ်ချီ ကန်တော့လိုက်တော့ ဆရာကြီး အတော်စိတ်ထိခိုက်ပြီး ဝမ်းနည်းစွာ ပြန်သွားတယ်လို့ ဆိုထားပါတယ်။ ၁၉၂၃ ထဲရောက်တော့ ဆရာကြီးဟာ အသက် ၆၀ ပြည့် လုပ်သက်ပင်စင် ယူရတော့မှာပါ။ မြန်မာပြည်မှာ ကောလိပ်ကျောင်းအုပ်ကြီး ဘဝကနေ ယူနီဗာစီတီ ကျောင်းအုပ်ကြီးထိ နှစ်ပေါင်းနှစ်ဆယ်ကျော် လုပ်ခဲ့ပါတယ်။ ဘိလပ်ကို ပြန်ရတော့မယ်ဆိုတော့ ကျောင်းသူကျောင်းသားတွေက ဆရာကြီးအတွက် ဖဲယားဝဲလ် ဒင်နာညနေစာ ထမင်းစားပွဲနဲ့ ဂရင်းဟိုတယ်မှာ နှုတ်ဆက်ပွဲ ကျင်းပပေးခဲ့တယ်။ ဒါကို မှတ်တမ်းတင်သူက “ရက်တော့ ကောင်းစွာမမှတ်မိတော့ပါ။ မိုးများအလွန်ရွာနေပါ၍ သြဂတ်စ်လဟု ထင်ပါသည်။ ဆရာကြီးမှာ (လူပျိုကြီးမို့လားမပြောတတ်) ကျောင်းသူကျောင်းသာများအပေါ် အထူးသံယောဇဉ်ဖြစ်သည့် အားလျော်စွာ နှုတ်ဆက်ပွဲသဘာပတိ ကိုအေးကျော် (ဥပဒေလား သစ်တောလားမမှတ်မိ) နှုတ်ခွန်းဆက်စကားပြောပြီး ဆရာကြီးက တုံ့ပြန်သောအခါ အသံမှာ ဝမ်းနည်းလှခြင်းကြောင့် တခါတခါမှာ အက်သံပါလာတဲ့အခါ ကျနော်တို့ ကျောင်းသားကျောင်းသူတိုင်း မနေနိုင်ကြတော့ဘဲ (ရေချိန်လွန်သူများမှအပ) တယောက်မကျန် ငိုကြတော့သည်။ (အထူးသဖြင့် အင်္ဂလိပ်များ) တွင် မြန်မာများအပေါ် စေတနာနှင့် မေတ္တာ တကယ်ထားသူ မြန်မာအကျိုးလိုလားသူများတွင် ထိပ်ဆုံးကတယောက် ဖြစ်သည်။” လို့ ဖော်ပြခဲ့တယ်။ ဆရာကြီး ဝမ်းနည်းမယ်ဆိုလည်း ဝမ်းနည်းရှာပေလိမ့်မည်။ အနှစ် နှစ်ဆယ်ကျော် သူခိုခဲ့တဲ့အရိပ်၊ သူပျော်မွေ့ခဲ့ရသောရပ်ဝန်း၊ သူသံယောဇဉ်ထားရှိရာ ချစ်တပည့်များနဲ့ သူပြုစုပျိုးထောင်ခဲ့ရတဲ့ ကျောင်းတော်ကြီးကို အပြီးအပိုင် နှုတ်ဆက်စွန့်ခွာ သွားရတော့မှာပဲ မဟုတ်လား။ နောင် ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ တပည့်၊ နောင် ဘယ်တော့မှ ခြေဦးပြန်မလှည့်နိုင်တဲ့ဝန်းကျင်ကို ကျောခိုင်းလို့ ဆရာကြီး ထွက်ခွာသွားခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် နိုင်ငံခြားသား၊ လူဖြူလူမည်းမရွေး၊ ဘာသာမရွေး ကျောင်းဆရာတယောက်ဟာ သူ့တပည့်တွေအပေါ်မှာ ဆရာစိတ်နဲ့ စောင့်ရှောက်ပုံ၊ တချိန်က ဆရာတပည့်ဆက်ဆံရေး၊ အပြန်အလှန် လေးစားချစ်ခင်မှုတွေကို နားလည်စာနာပြီး မြန်မာ့ပညာရေးကို ပြန်လည်တည့်မတ်နိုင်ပါစေကြောင်း ဦးတည်ချက်ထားလို့ ဆရာကြီး မက်သရူးဟန်းတားအကြောင်းကို ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါကြောင်း။ ဆရာဋ္ဌေး

A d v e r t i s e m e n t With Us

More News
Up