A d v e r t i s e m e n t With Us

ဂူတွင်းပိတ်မိခဲ့သည့် ထိုင်းကလေးများအကြောင်းရုပ်ရှင် နိုဝင်ဘာတွင် စတင်ရိုက်ကူးမည်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ဒွိုင်နန်းနွန်းဂူကြီးအတွင်း ပိတ်မိနေခဲ့ကြတဲ့ တောဝက် အကယ်ဒမီ လူငယ်ဘောလုံးအသင်းဝင် ၁၃ ဦးကို ကယ်တင်နိုင်ခဲ့တဲ့အကြောင်း ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာလမှာ စတင်ရိုက်ကူးတော့မှာ ဖြစ်တယ်လို့ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဒါရိုက်တာက ပြောပါတယ်။ ရုပ်ရှင်ကားနာမည်ကိုတော့ ထိုင်းဘာသာနဲ့ နန်းနွန်း၊ အင်္ဂလိပ်ဘာသာနဲ့ The Cave လို့ အမည်ပေးထားပြီး ရိုက်ကူးမယ့် ပရောဂျက်ကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto Film Festival မှာ အိုင်ယာလန်နွယ်ဖွား ထိုင်းရုပ်ရှင်ဒါရိုက်တာ တွမ်ဝေါ်လာက ကနဦး မိတ်ဆက်ခဲ့တာပါ။ တောဝက် အကယ်ဒမီ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြတို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ ခွန်နမ့်နန်းနွန်း လိုဏ်ဂူထဲမှာ ဇွန်လ ၂၃ ရက်နေ့ကနေ ဇူလိုင် ၁၀ ရက်နေ့ထိ အချိန် ၂ ပတ်ကျော်ကြာ ပိတ်မိနေခဲ့ကြပြီးမှ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပေးထားတဲ့ ရုပ်ရှင်နာမည် နန်းနွန်းဆိုတာကတော့ သူတို့ပိတ်မိနေခဲ့တဲ့ လိုဏ်ဂူရဲ့ အမည်ဖြစ်ပြီး ဒီအဖြစ်အပျက်ဟာ တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့ ဖြစ်စဉ်မို့ ရုပ်ရှင်အနေနဲ့လည်း နိုင်ငံတကာကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဝေါ်လာကတော့ ဒီရုပ်ရှင်ကားထဲမှာ ဂူတွင်းပိတ်မိနေခဲ့တဲ့ တောဝက် လူငယ်ဘောလုံးအသင်းသားတွေကို ကယ်တင်ခဲ့တဲ့ ဖြစ်စဉ်ရဲ့ ကနဦး ပါဝင်ခဲ့သူတွေ၊ မဖော်ကျူးရသေးတဲ့ သူရဲကောင်းတွေအနေနဲ့ အဓိကထား ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ “ရုပ်ရှင်က စတည်နေပါပြီ။ ပထမပိုင်း ဇာတ်ညွှန်းက ပြီးနေပါပြီ။ ကျနော်တို့ ဆက်တင်တွေကို အောက်တိုဘာမှာ စနိုင်လိမ့်မယ်။” ရုပ်ရှင်ကားထဲမှာတော့ အဓိကဇာတ်ကောင်တွေအဖြစ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ စေတနာ့ဝန်ထမ်းတွေ၊ သူရဲကောင်းတွေအဖြစ် ဖော်ပြခံရတဲ့ ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသား ၄ ဦး၊ ဒါမှမဟုတ် ၅ ဦးလောက် ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ကားကြီးရဲ့ ကုန်ကျစရိတ် ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ ပြောဆိုဖို့ကိုတော့ ဝေါ်လာက ငြင်းဆန်ခဲ့ပါတယ်။ “ကျနော်က စေတနာ့ဝန်ထမ်းစိတ်ဓာတ်ကို ပြသပြီး ကမ္ဘာကို (ဒီရုပ်ရှင်ကားနဲ့) ဆွဲဆောင်ချင်တာပါ” လို့ သူက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up