အသက်အငယ်ဆုံး ဆယ်ကျော်သက် အက်ဖ်ဘီအိုင်သတင်းပေး ဖြစ်ရပ်မှန်ရုပ်ရှင်- White Boy Rick (နမူနာ)
Published By
DVB | 11 September, 2018
1.6K
0
Share
0
Comment
0
Likes
အသက်အငယ်ဆုံး အက်ဖ်ဘီအိုင်သတင်းပေး ဆယ်ကျော်သက်တဦးအကြောင်း ဖြစ်ရပ်မှန်အခြေပြု ရိုက်ကူးထားတဲ့ White Boy Rick လို့ အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကိုတော့ ပြင်သစ်ရုပ်ရှင်ဒါရိုက်တာ ယန်းဒီမန့်ခ်ျက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Sony Pictures Entertainment က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။
၁၉၈၀ ပြည့်လွန်ကာလကို အခြေတည် ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ အမေရိကန်နိုင်ငံက အသက်အငယ်ဆုံး အက်ဖ်ဘီအိုင်သတင်းပေး ရစ်ချာ့ဒ် ဝါရှေးဂျူနီယာ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အဲဒီအချိန်ကာလက သူဟာ အသက် ၁၄ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဆယ်ကျော်သက် ကောင်လေးတယောက်ဖြစ်ပြီး နောက်ပိုင်း သူ့ကို အက်ဖ်ဘီအိုင်က မလိုအပ်တော့တဲ့အချိန်မှာ မူးယစ်မှောင်ခိုသမားတယောက် ဖြစ်လာခဲ့တယ်။ ၁၉၈၇ ခုနှစ်၊ သူ့အသက် ၁၈ နှစ် အရွယ်မှာတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ သူ့ရဲ့ဘဝအကြောင်း ဘယ်လိုပုံဖော် ရိုက်ကူးထားမလဲ ဆိုတာတွေကို ပရိသတ်တွေ မကြာခင်မှာ ရှုစားကြရတော့မှာပါ။
ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ရစ်ချာ့ဒ် ဝါရှေးဂျူနီယာ နေရာမှာတော့ အမေရိကန်ဆယ်ကျော်သက် သရုပ်ဆောင် ရစ်ချီ မဲရစ်တ်က ခေါင်းဆောင်ပါဝင်ထားခဲ့ပြီး သူဟာ တခါမှ သရုပ်မဆောင်ဘူးသေးတဲ့ မျက်နှာသစ်သရုပ်ဆောင်တဦး ဖြစ်တာမို့ ဘယ်လို ပီပီပြင်ပြင် သရုပ်ဆောင်ထားမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
သူနဲ့အတူ ဟောလိဝုဒ်သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ မက်သရူး မက်က်ကော်နော့ဟေး၊ ဂျနီဖာ ဂျေဆင်လိဂ်၊ ဖိုက်ပါလော်ရီ၊ အက်ဒီမာဆန်တို့က တွဲဖက် ပါဝင်ထားကြတာပါ။
ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေ၊ ပြောစကား ဒိုင်ယာလော့ဂ်တွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
ကြာမြင့်ချိန် ၁၁၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 7.4 အထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကို Box Office မှာတော့ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ သန်းကနေ ၉ သန်းထိ ရနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။