အဆိုတော် ရသအပါအ၀င် ၃ ဦးကို တရားစွဲ ရုံးထုတ်

1.3K
မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အဆိုတော် ရသ (ရဲမင်းသိန်း) ပါ (၃) ဦးကို စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေးခရိုင် တရားရုံးမှာ စတင်တရားစွဲဆို ရုံးထုတ်ခဲ့ပါတယ်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း ၄၉ လမ်း နဲ့လမ်း ၅၀ လမ်းကြားက နန်းထိုက်ပန် ဧည့်ရိပ်မွန်မှာ သတင်းအရဝင်ရောက် ရှာဖွေရာက ရဲမင်းသိန်း (ခ) ရသ၊ မျိုးတင့်နဲ့ ခေမီ(ခ) ဗာတားမီးတို့ (၃) ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြားနဲ့အတူ ဖမ်းမိခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ကျောက်မဲမြို့နေ ကိုသားကြီး ဆိုသူထံက အပြား ၂၀၀ ပါ တထုပ်ကို ၈၀၀၀၀ ကျပ်နဲ့ ပြန်လည်ဖြန့်ဖြူးရောင်းချဖို့နဲ့ သုံးစွဲဖို့အတွက် ဝယ်ယူခဲ့တဲ့ ဆေးပြားတွေ ဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
အဆိုတော် ရသရဲ့ဖခင် ဦးတင်အုန်က “ဆိုဆုံးမရမှာက မိဘတွေတာဝန်၊ နာခံရမှာက သားသမီးတွေ တာဝန်ပါ။ ခုဖြစ်တဲ့ ကိစ္စကလည်း ဖြစ်ချိန်တန်လို့ ဖြစ်လာတာပါ”လို့ ပြောပါတယ်။
အဆိုတော် ရသ ပါ (၃) ဦးကို ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ-၁၉ (က)/၂၁ နဲ့ အမှုဖွင့်ဖမ်းဆီးထားပြီး ဒီပုဒ်မတွေနဲ့ပဲ ချမ်းအေးသာစံ ခရိုင်တရားရုံးက စတင် တရားစွဲဆိုခဲ့တာပါ။