စက်သုံးဆီ လောင်စာဆီဈေးနှုန်းများ ထပ်တက်နေ
ပိုင်စိုး
·
September 10, 2018
လက်ရှိ မြန်ပြည်တွင်း လောင်စာဆီ လက်လီအရောင်းအ၀ယ်ဈေးကွက်မှာ စက်သုံးဆီဈေးတွေဟာ ဒီတလအတွင်းမှာ တလီတာကို ၆၅ ကျပ်ထပ်တက်သွားပါတယ်။
နှစ်ဆန်းပိုင်းကနဲ့ ယှဉ်မယ်ဆိုရင် ကျပ် ၃၀၀ လောက်အထိ မြင့်တက်လာပြီး ရန်ကုန်မှာ ဒီဇယ်ဈေးနှုန်းဟာ ဇန်နဝါရီ ၂ ရက်နေ့က တလီတာကို ၈၀၀ ကျပ်၊ ပြီးခဲ့တဲ့ သြဂုတ်လဆန်းက ၉၄၀ ကျပ်ရှိရာကနေ ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့မှာတော့ ၁၀၁၅ ကျပ်ဖြစ်လာတာပါ။
ပြီးခဲ့တဲ့လက အောက်တိန်း 92 တလီတာကို ၉၁၀ ကျပ်ကနေ အခုတော့ ၉၇၀ ကျပ်ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ဆီဈေးတွေအားလုံးဟာ တလီတာကို ၇၀ ကျပ် ဝန်းကျင် ပိုပြီး မြင့်တက်လာတာပါ။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းရဲ့ ဒီနေ့ ဆီဈေး သတ်မှတ်ချက်ကတော့ ဒီဇယ်တလီတာ ၁၀၁၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် တလီတာ ၁၀၂၀ ကျပ်၊ အောက်တိန်း 92 တလီတာ ၉၈၀ ကျပ်နဲ့ အောက်တိန်း 95 တလီတာကို ၁၀၃၀ ကျပ် ဖြစ်ပါတယ်။
ဒီဇယ်တွေကတော့ လက်လီနဲ့ လက်ကား ဈေးနှုန်းအတူတူပဲ သတ်မှတ်ထားပါတယ်။ ပုဂ္ဂလိက အရောင်းဆိုင်တွေကတော့ အသင်းရဲ့ သတ်မှတ်နှုန်းထက် ၅ ကျပ်စီ လျှော့ပြီးရောင်းချနေတာကို တွေ့ရပါတယ်။
ဒါကြောင့် ဒီနေ့ဈေးနှုန်းတွေကတော့ ရန်ကုန်မှာ ဒီဇယ်တလီတာ ၁၀၀၅ ကျပ်၊ မန္တလေးမှာ ၁၀၆၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် တလီတာကို ရန်ကုန်မှာ ၁၀၁၅ ကျပ်၊ မန္တလေးမှာ ၁၀၇၀ ကျပ်၊ အောက်တိန်း 92 တလီတာ ရန်ကုန်မှာ ၉၇၅ ကျပ်၊ မန္တလေးမှာ ၁၀၅၅ ကျပ်၊ အောက်တိန်း 95 တလီတာကို ရန်ကုန်မှာ ၁၀၂၅ ကျပ်၊ မန္တလေးမှာ ၁၁၁၀ ကျပ်နဲ့ ရောင်းချနေကြပါတယ်။
မန္တလေးတိုင်း စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းကတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်ကစပြီး ဒီဇယ်နဲ့ အောက်တိန်း 92 တလီတာကို ၁၀၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တလီတာကို ၁၀၁၀ ကျပ်နဲ့ အောက်တိန်း 95 တလီတာကို ၁၀၅၀ နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဧပြီလနဲ့ ယှဉ်ရင် ၁၁၀ ကျပ် ပိုပြီး မြင့်တက်လာတာပါ။