ထိုင်းအရေးပေါ်လူနာတင်ကားပေါ်မှ စိတ်ကြွဆေးပြား ၅ သိန်းကျော် ဖမ်းမိ

ဓာတ်ပုံ - workpointnews
ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောင်းမြို့နယ်ထဲမှာ အရေးပေါ် လူနာတင်ကားတစီးပေါ်ကနေ စိတ်ကြွဆေးပြား အလုံးရေ ၅ သိန်းကျော် ဖမ်းမိတယ်လို့ workpoint ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၉ ရက် ည ၈ နာရီခွဲလောက်က နယ်မြေထဲမှာ မသင်္ကာဘွယ် အရေးပေါ် လူနာတင်ယာဉ် ၂ စီးကို ရှာဖွေစစ်ဆေးဖို့ အမှတ် ၅ တိုင်းဒေသရဲဌာနချုပ်က ညွှန်ကြားလာတဲ့အတွက် ဖယောင်းမြို့နယ် နယ်မြေခံရဲနဲ့ မူးယစ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရှာဖွေခဲ့ပါတယ်။ အဲဒီနောက် ရှေ့ပြေးကားတစီးနဲ့ လူနာတင်ကားတစီးတို့ဟာ ဒေါက်ခမ်းတိုက်ရပ်ကွက် ဆီဆန်လာမ်းရပ်ကွက်ထဲ ဝင်လာပြီး ရဲတွေကိုတွေ့တော့ ရပ်မပေးတဲ့အပြင် ၉ မမ သေနတ်နဲ့ ပစ်ပြီး အမြန်မောင်းပြေးသွားတယ်လို့ ဒေါက်ခမ်းတိုက်နယ်မြေရဲစခန်း ရဲအုပ်ကြီး ဆုမ်ဖုပ်ဆူဖာဖွန်းက သတင်းထောက်တွေကို ပြောပါတယ်။ ဒါကြောင့် ရဲတွေလည်း အဲဒီကားနောက်လိုက်ပြီး ကားဘီးကို သေနတ်နဲ့ပစ်ခဲ့ကြောင်း၊ ကားဘီးပေါက်ပြီး ဆက်သွားလို့မရတော့တဲ့အတွက် ကား ၂ စီးပေါ်က လူ ၃ ဦးလုံး အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကားပေါ်ကို စစ်ဆေးရာမှာ လူနာတင်ကားနောက်ခန်း လူနာထိုင်ခုံအောက်မှာ ဝှက်ထားတဲ့ အိတ် ၃ လုံးကို တွေ့ရကြောင်း၊ အဲဒီအိတ်ထဲမှာတော့ စိတ်ကြွဆေး အမြောက်အမြား ပါလာပြီး ဆေးပြားပေါင်း အနည်းဆုံး ၅ သိန်းလောက်ရှိမယ်လို့ ရဲအုပ်ကြီးက ခန့်မှန်းပြောဆိုပါတယ်။ မူးယစ်ဆေးတွေ လူနာတင်ကားနဲ့ သယ်ဆောင်လာတာနဲ့ ပတ်သက်ပြီး အဲဒီလူ ၃ ဦးကို စစ်ဆေးနေသလို ကွင်းဆက်တွေကိုလည်း ဖော်ထုတ်အရေးယူသွားမယ်လို့ ထိုင်းရဲအုပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up