မြန်မာပြည်တွင်း၌ လျှပ်စစ်ကားများ ထုတ်လုပ်ရောင်းချမည်
အောင်ဆန်းဦး
·
September 10, 2018
စက်မှုဝန်ကြီးဌာနက ထုတ်လုပ်မယ့် လျှပ်စစ်ကားအတွက် ဟန်ဂေရီနည်းပညာ အသုံးပြုထားတဲ့ မော်တော်ကား မော်ဒယ် ၃ မျိုး လာရောက်ကမ်းလှမ်းထားတယ်လို့ စက်မှု ၀န်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းဖို့နဲ့ လောင်စာဆီသုံးစွဲမှုလျော့ချစေဖို့ အတွက် စက်မှုဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်ရောင်းချပေးသွားဖို့ စီစဉ်နေတယ်လို့ စက်မှုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်မှာ ထုတ်ဖော်ပြောဆိုလိုက်တာပါ။
လက်ရှိအချိန်မှတော့ လျှပ်စစ်ကားတွေ ထုတ်လုပ်ပြီး ပြည်တွင်းမှာ အသုံးပြုနိုင်စေဖို့ အတွက် ကားကုမ္ပဏီတခုက ဟန်ဂေရီနည်းပညာသုံး မော်တော်ကားမော်ဒယ် ၃ မျိုးကို တင်သွင်းနိုင်ဖို့တွက် ကမ်းလှမ်းထားပြီးဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောပါတယ်။
“လျှပ်စစ်ကားကို ဟန်ဂေရီနိုင်ငံက နည်းပညာနဲ့ ထုတ်လုပ်ဖို့ မော်ဒယ် ၃ မျိုး လောလောဆယ် လာရောက် ကမ်းလှမ်းထားတာ ရှိပါတယ်။ အဲအပေါ်မှာ ကျနော်တို့ကတော့ စောစောက ကျနော်တင်ပြထားသလို နည်းပညာရယူပြီးတော့ ကျနော်တို့ဆီမှာ ဖရိမ်နဲ့ ဘော်ဒီ လောက်ကိုဘဲ ကျနော်တို့ဆီမှာ ရှိတဲ့ စက်ရုံတွေကို သုံးပြီးတော့ တကယ့်အရေးကြီးတဲ့ electric အစိတ်အပိုင်းတွေကတော့ ပြည်ပကပဲ သွင်းမှာဖြစ်ပါတယ်။”
မြန်မာနိုင်ငံအနေနဲ့ ကားထုတ်လုပ်မှုကဏ္ဍမှာ အခြားနိုင်ငံတွေထက် နည်းပညာပိုင်း ဆိုင်ရာ အားနည်းချက်တွေရှိနေသေးတဲ့အတွက် လျှပ်စစ်ကားထုတ်လုပ်မှုကဏ္ဍမှာ ကား ကိုယ်ထည် ထုတ်လုပ်မှုနဲ့ တပ်ဆင်မှုအပိုင်းသာ လုပ်ဆောင်မှာဖြစ်ပြီး နည်းပညာပိုင်းနဲ့ စက်ပစ္စည်း ထုတ်လုပ်မှုအပိုင်းတွေကိုတော့ ပြည်ပနိုင်ငံတွေကနေ တင်သွင်းရမှာ ဖြစ်ပါတယ်။
နောက်ပိုင်းကာမှာတော့ ပြည်တွင်း စက်မှုလုပ်ငန်းတွေကနေ ထုတ်လုပ်နိုင်အောင် လုပ်ဆောင်ပြီး စက်မှုကဏ္ဍဖွံ့ဖြိုးရေးကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ဆိုပါတယ်။
“နောက်ပိုင်း ကျနော်တို့ ထုတ်လုပ်နိုင်လာပြီးဆိုရင်တော့ ကျနော်တို့ မော်တော်ကား ထုတ်လုပ်မှု ကွင်းဆက်ထဲမှာရှိတဲ့ SME လုင်ငန်းတွေ တိုးတက်အောင် ပြည်တွင်းမှာရှိတဲ့ SME လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”
လျှပ်စစ်ကားထုတ်လုပ်မှုနဲ့ ပြည်သူတွေအသုံးပြုနိုင်အောင်တော့ ပြန်လည်ဖြန့်ဖြူးရေး အပိုင်းတွေကိုတော့ အချိန်ယူရဦးမှာဖြစ်ပါတယ်။
ကားကုမ္ပဏီက တင်သွင်းဖို့ တင်ပြထားတဲ့ မော်တော်ကား မော်ဒယ် ၃ မျိုးဟာ အခုလပိုင်းအတွင်း မြန်မာနိုင်ငံကိုရောက်ရှိလာမှာဖြစ်ပြီး အဲဒီကားတွေကို စစ်ဆေးပြီးမှသာ တင်သွင်းခွင့်ပြုမပြုကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။